CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃

နယ်မြေမတည်ငြိမ်မှုများကြောင့်  ရပ်နားထားရသော နယ်စပ်ကုန်သွယ်မှုများအား အခြားမည်သည့် နည်းလမ်း ဖြင့် အစားထိုးနိုင်မလဲဆိုသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများအကြား ဆွေးနွေးမှုများရှိသည်။

နိုင်ငံအတွက် နယ်စပ်ကုန်သွယ်မှုများမှ အခွန်အပြင် နိုင်ငံခြားဝင်ငွေ ရရှိသည့်အတွက် ယခုကဲ့သို့ ရပ်တန့် နေခြင်းက နိုင်ငံခြားဝင်ငွေရရှိမှုအပေါ် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း၊ သို့သော် ကုန်သည်များမှာမူ တရားမဝင်လမ်းကြောင်းဖြင့် ကုန်သွယ်နေကြကြောင်း သိရသည်။

အခြားနယ်စပ်ဂိတ်များတွင် ကုန်သွယ်ရေးစခန်းများ တည်ဆောက်ပြီး ကုန်သွယ်မှု လုပ်ဆောင်မည်ဆိုပါက ခဲယဉ်းလှကြောင်း၊ ထို့ကြောင့် နယ်မြေတည်ငြိမ်အောင် လုပ်ပြီးမှသာ တရားဝင် ကုန်သွယ်ရေး လုပ်ငန်းများအား ပြန်စနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါက illegal သွားနေတဲ့ ကုန်သည်ကတော့ ဒီဘက်ဖမ်းရင် ဟိုဘက်ပို့တာမှန်ပေမယ့် တရားဝင် လမ်းကြောင်းမှာဆိုရင် ဒါမျိုးလုပ်ဖို့က အနည်းဆုံးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုက စခန်းသေးသေးလေး ‌ဆောက်မယ်ဆိုရင်တောင် စီးပွားကူးသန်းတို့၊ အကောက်ခွန်တို့၊ custom တို့ အစရှိတဲ့ ရဲတို့၊ ထွေအုပ်တို့ အားလုံး ရဲ့ ဖွဲ့စည်းပုံတစ်ခုက အဲဒီမှာရှိဖို့လိုတယ်။ ဒီနယ်စပ်တွေမှာ အဲဒီလိုဖွဲ့စည်းပုံအပြည့်နဲ့ သွားချပြီးတော့ ကုန်သွယ် ရေးစခန်း ဆောက်ဖို့အတွက်က နယ်မြေတည်ငြိမ်ဖို့ လိုအပ်တယ်ဆိုတာက ဘယ်ဂိတ်မှာပဲ သွားချချ ဖြတ်သန်းရ တဲ့ လမ်းကြောင်းတွေက ဒါတွေပဲရှိတာကို။ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုရင်တော့ ဒီကုန်သွယ်မှုကတော့ ပြန်စဖို့မလွယ်ဘူးပေါ့။ မရနိုင်ဘူး။ နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးမှုတွေကတော့ ဒီလိုနယ်မြေတည်ငြိမ်မှု မရှိရင် ဖြစ်နေမှာပဲ။ နယ်မြေတည်ငြိမ်အောင် လုပ်ပြီးမှပဲ ကုန်သွယ်ရေးလုပ်ငန်းကို ပြန်စနိုင်မှ တရားဝင် ကုန်သွယ်ရေး မှပဲ အခွန်ရနိုင်တယ်။ illegal trade မှာတော့ နိုင်ငံအတွက် ဘာမှအကျိုး တစ်စုံတစ်ရာ ခံစားရနိုင်စရာမရှိဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပြည်ပ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုများမှ နိုင်ငံခြားဝင်ငွေ ရရှိနေခြင်းဖြစ်သော်လည်း ၎င်းတို့ အပေါ် တင်းကြပ်ထားမှုများကြောင့် ပို့ကုန်/ သွင်းကုန် သမားများအတွက် အဆင်မပြေဖြစ်နေကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်

ထို့ကြောင့် ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု လုပ်ငန်းများကို မြန်ဆန်သွက်လက်စေချင်ပါက အစိုးရအနေဖြင့် လျှော့ချ ပေးရမည့် အပိုင်းများရှိကြောင်း၊ ထိုအချက်များအား လျှော့ချပေးနိုင်ပါက ပို့ကုန်တင်ပို့မှုမှာ ပိုမို မြန်ဆန်သွားမည် ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတော့ normal trade ပဲ လုပ်နေရတာပေါ့။ အခုဟာက ဒီဟာကိုပိုပြီးတော့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်နိုင်ဖို့ဆိုရင် တော်တော်များများတော့ ဖြေလျှော့ပေးဖို့ကောင်းတယ်။ အထူးသဖြင့် export ကို ဖြေလျှော့ပေးရမှာပေ့ါ။ ဘာလို့ဆို ကိုယ်က export များများပို့နိုင်မှ နိုင်ငံခြားငွေရမှာကို။ အခုက export သမားကိုလည်း လည်ပင်းညှစ်ထားတယ်။ လည်ပင်းညှစ်ထားတာက အခုအချိန်အထိ ၂၅ ရာခိုင်နှုန်းကို သူ့သတ်မှတ်ထားတဲ့ ပေါက်ဈေးနဲ့ လဲနေရတုန်း။ နောက်တစ်ခုက export ပို့တိုင်းမှာ လိုင်စင်သဘောမျိုး ခွင့်ပြု ချက် ယူနေရတယ်။ အစိုးရဘက်က ကြည့်တော့လည်း export ပို့ပြီးတော့ export earning မဝင်မှာ ကြောက်တဲ့ အတွက် export တိုင်းကို သူက လိုင်စင်သဘောမျိုး ယူနေရတယ်။ အခုက export ရော import ရော လိုင်စင်ယူ နေရတာပဲလေ။ ဒါပေမယ့် export ကို ပိုပြီးတော့ သွက်လက်စေချင်ရင်တော့ အဲဒီဟာတွေ လျှော့ချလို့ရတဲ့ဟာ တွေကို လျှော့ချပေးဖို့ကောင်းတယ်” ဟု ပြောသည်။

ဆန်တင်ပို့ရန် လုပ်နေစဉ်

နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ်ကို စတင်ကျင့်သုံးရန်အတွက် နစက-က ညွှန်ကြားထားကြောင်း ကုန်သည်များထံမှ သိရသည်။

ထိုသို့ ကုန်ပစ္စည်းချင်း ဖလှယ်သောစနစ်သည် ရှေးယခင်က အသုံးပြုခဲ့သည့် စနစ်တစ်ခုဖြစ်ပြီး ခေတ်မမှီသဖြင့် မည်သည့်နိုင်ငံမှ အသုံးမပြုကြခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။

ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က “အဲဒါလောလောဆယ်တော့ မလွယ်ဘူး ကျနော့်အမြင်အရက။ Barter ဆိုတာက Unit မရှိခင်ကလေ။ ၁ ယူနစ်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာ ပြဿနာရှိတယ်။ Barter ဆိုတာက ကုန်ချင်းဖလှယ်တဲ့စနစ်ပေါ့။ လွန်ခဲ့တဲ့ long long ago ကပါ။ ယူနစ်ကို ဘယ်လိုသတ်မှတ်မှာလဲက ခက်တာပေါ့။ အဲဒီလိုခက်လို့ပဲ ငွေကြေးစနစ်ဆိုတာ ပေါ်လာတာလေ။ ငွေကြေးစနစ်က နည်းစနစ်ကိုပဲ ဗဟိုပြုရ မှာပဲ။ အဲဒီတော့ ဘယ်လိုဗဟိုပြုလို့ရမလဲ ဒါပဲ စဉ်းစားရမှာပေါ့။ ကျန်တဲ့ ways and means တွေကတော့ ခေတ်ကာလအရ အဆင်မပြေနိုင်ဘူး” ဟု ပြောသည်။

ထိုစနစ်ဖြင့် ကုန်သွယ်မှု လုပ်ဆောင်ရမည်ဆိုပါက ကုန်သွယ်မှုများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ ထို့နောက် ကုန်သွယ်ဖက် နိုင်ငံများထံမှ တင်သွင်းလိုသည့် ပစ္စည်းနှင့် တင်ပို့နေသည့် ကုန်စည်ပမာဏသည် မျှတမှု မရှိသည့် အတွက်လည်း ကုန်သည်များတွင် အခက်အခဲ ဖြစ်ပေါ်သွားနိုင်ကြောင်း၊ နောက်ဆုံးတွင် စားသုံးသူ ပြည်သူများ အပေါ်တွင် သက်ရောက်မှု ဖြစ်သွားမည်ဟုလည်း သုံးသပ်ကြသည်။