CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြက်တောက်ကာ ရပ်တန့်လာနေခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ရှားပါးမှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံသည် တရုတ်- ထိုင်း- ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်ရေးလုပ်နေရာမှာ တိုက်ပွဲများကြောင့် ထို ကုန်သွယ်ရေးလမ်းကြောင်း အားလုံးမှာ ရပ်တန့်လုနီးပါးဖြစ်နေသည်။ 

မြန်မာနိုင်ငံ၏ ၈၀ ရာခိုင်နှုန်းသော စီးပွားရေးနှင့် နိုင်ငံခြားငွေ ရရှိမှုသည် နယ်စပ်ကုန်သွယ်ရေးမှတဆင့် အဓိက အားထားနေရသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းကြောင့် ရေရှည်မှာ ပြည်ပမှ တင်သွင်းနေရသည့် ကုန်စည်များ ရှားပါးခြင်းနှင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများဖြင့် ကြုံတွေ့လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံး သပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲကြောင့် ပိတ်မိနေသော ကားများကိုတွေ့ရစဉ်

၎င်းက “နယ်စပ်ကုန်သွယ်ရေးက ရပ်သွားတဲ့အခါကျတော့ မြန်မာပြည်ရဲ့ စီးပွားရေးက ကုန်သွယ်ရေးနဲ့ပဲ သွားနေ ရတာလေ။ ကုန်ထုတ်လုပ်မှုလုပ်ငန်းက ဘာမှမရှိဘဲ။ ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်လို့မရတော့ ကုန်သွယ်မှု လုပ်ငန်း ရပ်သွားတော့ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ထိခိုက်မယ်လို့ ဆရာတို့ ခန့်မှန်းတယ်။ ဆီကိစ္စက အစ အစိုးရက ဒေါ်လာ မရောင်းပေးနိုင်တဲ့ အတွက်ကြောင့် ပြင်ပဒေါ်လာနဲ့ လုပ်နေရတဲ့ အတွက်ကြောင့် ဆီဈေး က တစ်လီတာကို ၃၀၀ လောက် ခုန်တက်သွားတာလေ။ ရေရှည်မှာ ဒီအတိုင်း ဆက်သွားရင် တိုင်းပြည်က နည်း  နည်း အခက်အခဲ ရှိနိုင်တယ်လို့ ဆရာတို့ ယူဆတယ်။ နံပါတ်တစ်ကတော့ ကုန်ဈေးနှုန်း တက်လာမှာပေါ့။ နံပါတ် နှစ်ကတော့ ပစ္စည်း ရှားပါးမှာပေါ့။ အဲဒါတွေကတော့ အရင်ဆုံး ထိခိုက်မှု ဖြစ်လာမှာပေါ့။ အဓိကကတော့ နယ်စပ် ကုန်သွယ်ရေးက ၈၀ ရာခိုင်နှုန်းလေ။ ၂၀ ရခိုင်နှုန်းက ပင်လယ်ရေကြောင်းကနေ သွားနေတာဆိုတော့ ၈၀ ရာခိုင်နှုန်း ရပ်တန့်သွားမယ်ဆိုရင်တော့ တိုင်းပြည် စီးပွားရေးကတော့ တော်တော်ထိခိုက်သွားမယ့် အနေအထား မှာတော့ ရှိနေတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်းရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက် အားလုံးနီးပါးသည် ကုန်စည်စီးဆင်းသည့် လမ်းကြောင်းတစ်လျောက်၌ နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ကုန်သွယ်ရေး လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

သို့သော် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တနင်္သာရီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်သွယ်မှု လုပ်ဆောင်နေသည်တော့ ရှိသည်။

ထိုကဲ့သို့ ကုန်သွယ်မှု မရှိခြင်းကြောင့် ပြည်ပမှ တင်သွင်းနေသည့် သွင်းကုန်များသည် ပြည်တွင်းသို့ မရောက်ရှိ နိုင်ခြင်းကြောင့် ရေရှည်တွင် ပြည်တွင်း၌ ကုန်စည်ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ဖြစ်ပေါ်လာနိုင် ကြောင်း၊ ထို့နောက် နိုင်ငံခြားဝင်ငွေများ ပြည်တွင်းသို့ စီးဆင်းနိုင်မှု လျော့ကျသွားနိုင်သည့်အတွက် နိုင်ငံခြားငွေ ထိန်းချုပ်ကန့်သတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကုန်သွယ်ရေး လုပ်ငန်းဆောင်နိုင်ခြင်း မရှိခြင်းကြောင့် သက်ဆိုင်ရာမှ ကုန်သွယ် ရေး လိုင်စင်များကို မည်သည့်နယ်စပ်ဂိတ်ပေါက်များမဆို တင်သွင်းခြင်းနှင့် တင်ပို့နိုင်ခြင်းများ လုပ်ဆောင်နိုင် သည်ဟု ထုတ်ပြန်ထားသော်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်း၊ လမ်းခရီး ကြန့်ကြာခြင်းနှင့် သယ်ယူစရိတ် ကြီးမြင့်ခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှု ရပ်တန့်နေခြင်းကြောင့် အစိုးရအနေဖြင့် ထိခိုက်မှုရှိသော်လည်း အစိုးရထက် ပြည်သူလူထုအနေဖြင့် ပို၍ ဒုက္ခရောက်သည်ဟု Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကားတစ်စီးကိုတွေ့ရစဉ်

၎င်းက “လက်တွေ့ခံစားရတာက supply chain network တွေကို အဓိက လုပ်နေတဲ့ ကုန်စည်စီးဆင်းမှုနဲ့ အဓိက ချိတ်ဆက်နေတဲ့သူတွေက ပိုပြီးတော့ ခံရတာပေါ့။ အစိုးရ ခံရတာ နည်းနည်း၊ လူထုခံရတာ များများပေါ့။ အစိုးရ က cooperation လေ။ မြန်မာပြည်မှာ အကြီးဆုံး ကုမ္ပဏီကို ပြပါဆိုရင် အစိုးရပဲ။ အစိုးရက စီးပွားရေးပဲ လုပ် တယ်လေ။ သူကကျတော့ သူ့ထွက်ပေါက်နဲ့သူ လုပ်လို့ရတယ်ဆိုတော့ အောက်ကလူက မလွယ်ဘူးပေါ့။ တကယ် ဒုက္ခရောက်ရင် ဒုက္ခရောက်မှုက ၁၀၀ ရာခိုင်နှုန်း ရှိတယ်ဆိုရင် အစိုးရက ၁၀၊ လူထုက ၉၀ ပဲ။ ဘာလို့လဲဆိုတော့ အစိုးရဆိုတာက အနည်းစုပဲ။ ခေါင်းဆောင်ပိုင်းပဲ ရှိတယ်၊ တကယ်ခံရတာက လူထုက ခံရတာ ဘယ်သူပဲ လုပ်လုပ် ပေါ့နော် အဲဒီလိုမျိုးတော့ ရှိတယ်။ ကုန်သွယ်ရေးပိုင်းကျတော့ အစိုးရက ဝန်ဆောင်မှုပဲ ပေးတာ။ သူက တိုက်ရိုက် တာဝန် မရှိဘူး။ သူကိုယ်တိုင်က ကားတွေရှိတယ်၊ သူကိုယ်တိုင်က ဈေးကွက်တွေ ဖော်ဆောင်ထား တယ်ဆိုရင် တော့ အရင်ဆိုရှယ်လစ် ခေတ်ကဆိုရင်တော့ သူ့အတွက် ပြဿနာ ရှိတာပေါ့။ အခုက အကုန်လုံးက စီးပွားရေး လုပ်ငန်းစု တော်တော်များများက အများပြည်သူ လက်ထဲမှာ ရှိတာဆိုတော့ အစိုးရ ဘယ်ဖြစ်မလဲ။ မရရင် မသွင်းနဲ့ ပေါ့ ဒါပဲ သူကပြောမှာပေါ့။ သူကတော့ လိုက်ပြီးတော့ မရရအောင် သွင်းပေးပါ့မယ်လို့ မကူညီဘူးလေ” ဟု ပြော သည်။

နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ဒေသထွက် ကုန်စည်များကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိခြင်းနှင့် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် တချို့သော ကုန်စည်များသည် ဈေးနှုန်းကြီး မြင့်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေသည့် နေရာဒေသများသည် ပို၍ အခက်အခဲ ဖြစ်ပေါ်နေသည် ကို တွေ့ရသည်။

ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် နယ်စပ်ကုန်သွယ် ရေးအတွက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေး လုပ်ဆောင်ပေး ရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများနှင့် လုပ်ငန်းရှင်များက ထောက်ပြကြသည်။