CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေဒေသတွင် တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချပွဲနှင့် ချယ်ရီပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ချယ်ရီပန်းပင် ရာနှင့်ချီ၍ ရှိနေသည့် လွိုင်မွေဒေသတွင် ချယ်ရီပင်များကို ထိန်းသိမ်းသည့်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ ချယ်ရီပန်းများ အပွင့်စုံချိန်၌ ချယ်ရီပန်းပွဲတော်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ချယ်ရီပန်းပွဲတော်အပြင် ကျိုင်းတုံဒေသရှိ တိုင်းရင်းသားများ၏ ရိုးရာအစားအစာ ရောင်းချပွဲကိုလည်း ၃ ရက်တာ ကျင်းပသွားမည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ချယ်ရီပန်းပွဲတော် လာရောက်လေ့လာကြစဉ်

၎င်းက “ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့ မြို့တော်လို့ ပြောလို့ရတာပေါ့ ကျိုင်းတုံလေ၊ ကျိုင်းတုံမှာ ဆရာတို့က ပွဲ ၂ ပွဲ လုပ်ဖို့ရှိတယ်။ ချယ်ရီပန်းပွဲတော်ရယ်၊ နောက်တစ်ခုက တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချပွဲရယ်ပေါ့နော်။ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချပွဲကတော့ ဒီဇင်ဘာ ၂၆၊ ၂၇၊ ၂၈  သုံးရက်လုပ်ပါမယ်။ အဲဒါကတော့ အဲဒီ ဒေသမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား လူမျိုးစု ၁၃ စု မျိုးနွယ်ကနေပြီးတော့ သူတို့ရဲ့ ရိုးရာအစားအစာတွေ ၈၈ မျိုးလောက်ကို ၃ ရက်မှာ ရောင်းချသွားမှာပေါ့။ ချယ်ရီပန်းပွဲတော်ကို ဆရာတို့ ဒီဇင်ဘာ တတိယပတ်မှာ လုပ် တယ်၊ ဒုတိယပတ်မှာ လုပ်တယ်၊ သူကတော့ ရက်အတိအကျ ပြောဖို့ခက်တာက ဘာလဲဆိုတော့ ပန်းပွင့်စုံတဲ့ အချိန်မှာ သူကလုပ်ရတာကိုး” ဟု ပြောသည်။

လွိုင်မွေဒေသ၌ အင်္ဂလိပ်ခေတ် ၁၉၉၀ ဝန်းကျင်တွင် စိုက်ပျိုးခဲ့တဲ့ ချယ်ရီပန်းပင် ရာနှင့်ချီရှိခဲ့သည်။ လက်ရှိတွင် ချယ်ရီပန်းပင်ကို တိုးချဲ့စိုက်ပျိုးထားသည့်အတွက် အပင် ထောင်နှင့်ချီ၍ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ချယ်ရီပန်းပွဲတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဒုတိယ အကြိမ် ကျင်းပခဲ့သည်။ 

လာမည့် တတိယအကြိမ်အတွက် ချယ်ရီပန်း အဖူးအပွင့် အစုံအလင်ဖြစ်သည့်အချိန်ကို စောင့်ဆိုင်း၍ ကျင်းပမည် ဖြစ်သည့်အတွက် ရက်အတိအကျ မသိရသေးကြောင်း၊ ချယ်ရီပန်း အခါးပွင့်ပြီးနောက် အချိုပွင့် ပွင့်ချိန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုကာလသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် သို့မဟုတ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်နိုင် သည်ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ချယ်ရီပန်းပင်များကို တွေ့ရစဉ်

ယခုနှစ် ချယ်ရီပန်းပွဲတော်အတွက် ထိုင်းနိုင်ငံမှ ခရီးသွားကုမ္ပဏီများကိုလည်း ဖိတ်ကြားထားကြောင်း၊ ထို့နောက် ပြီးခဲ့သည့်နှစ် ကျင်းပခဲ့သည့် ပွဲတော်တွင် ခရီးသွား များပြားခဲ့ခြင်းကြောင့် ယခုနှစ်တွင်လည်း ခရီးသွား ပိုမို လာရောက်ရန်အတွက် မျှော်မှန်းထားကြောင်း ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။

၎င်းက “အရင်စလုပ်တဲ့ ၂၀၂၂ ခုနှစ်တုန်းကဆိုရင်တော့ ပွဲတော်ကိုလာတဲ့ ဧည့်ပရိတ်သတ်က ၄ သောင်းလောက် လာတယ်ပေါ့။ မနှစ်က ၂၀၂၃ ရောက်တော့ ဒုတိယအကြိမ်မှာ လုပ်တဲ့ပွဲကတော့ ၇ သောင်းခွဲလောက် လာတယ်။ လူပိုများလာတာပေါ့၊ ပိုပြီးတော့လည်း awareness လုပ်နိုင်တာပေါ့။ ပထမနှစ်ကျတော့ ဆရာတို့လည်း အချိန်သိပ် မရလိုက်ဘူး။ သူက အဓိကကတော့ ရှမ်းအရှေ့ကျတော့ တကယ်တမ်းပြောရရင် ထိုင်းဘက်နဲ့ နီးတာပေါ့နော်၊ တာချီလိတ်နဲ့ ကျိုင်းတုံဆိုတာက ကားမောင်းရင် ၂ နာရီခွဲ၊ ၃ နာရီလောက်ပဲ မောင်းရတာလေ။ ဆိုတော့ ထိုင်း ဘက်က Tours တွေကိုလည်း မျှော်လင့်တယ်၊ နောက် ရန်ကုန်၊ မန္တလေးနဲ့ တခြားဒေသက ပြည်တွင်း ဧည့်သည် တွေလည်း လေယာဉ်နဲ့လာရင် ပိုအဆင်ပြေတယ်။ မန္တလေးကနေ ကျိုင်းတုံလေယာဉ်ရှိတယ်၊ ရန်ကုန်ကနေ ကျိုင်းတုံလေယာဉ် ရှိတယ်၊ နေပြည်တော်ကနေ ကျိုင်းတုံလေယာဉ် ရှိတယ်။ အဲဒါကတော့ ပိုအဆင်ပြေတာပေါ့” ဟု ပြောသည်။

လွိုင်မွေဒေသရှိ ချယ်ရီပန်းများကို ကိုင်းချိုးနေကြသည့် အခြေအနေများ ရှိနေခြင်းကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

ထို့ကြောင့် ချယ်ရီပန်းပွင့်ချိန် အကိုင်းအခက် ချိုးခြင်းကြောင့် အပင်ပျက်စီးမှုများကို ထိန်းသိမ်းရန်အတွက် ချယ်ရီပန်းပွဲတော်အား အသိပညာပေးသည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။