CNI News 

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀

အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့တွင် သတိပေး ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင်  နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှု လုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွား ချက် လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း ဗဟိုဘဏ်က ပြောသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူ တစ်ဦးသည် တရားဝင် နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း)အထိ သို့မဟုတ် ယင်းနှင့်ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင် ဆောင်ခွင့်ရှိသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၆ လ ကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်း သို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/ လိုင်စင် မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထား သည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လူထုသည် မြန်မာငွေ တန်ဖိုး ကျဆင်းနေခြင်းကြောင့် ခိုင်မာသည့် ဒေါ်လာကို လဲလှယ်၍ ကိုင် ထားသည်ကို လိုက်လံစုံစမ်း အရေးယူဖို့ဆိုသည်မှာ မလွယ်ကူကြောင်း၊ နစကအပေါ် ယုံကြည်မှု အားနည်းနေ ခြင်းကြောင့်လည်း ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် လူထုပါဝင်မှု အားနည်းနေခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ထို့အပြင် ဒေါ်လာနှင့် ရွှေဈေးနှုန်းများ ကစားခြင်းနှင့် ဈေးမြင့်တင်သူများသည် ဗဟိုဘဏ်က ထုတ်ပြန်ချက် ထုတ်လိုက်တိုင်း ဈေးကစားလေ့ရှိကြောင်း၊ နစက-က တင်းကြပ်မှုလုပ်လေ မှောင်ခိုဈေးကွက် ကြီးထွာလေ ဖြစ်နေသည်ကိုလည်း သတိထား သုံးသပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။