CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အမေရိကန် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးနှုန်း မြင့်မားနေမှုနှင့် ရွှေဈေးနှုန်းများ မြင့်မားနေခြင်းကို ထိန်းချုပ်ရန်အတွက် ဗဟိုဘဏ်က မူဝါဒများ အမျိုးမျိုး ချမှတ်ကြောင်း ထုတ် ပြန် လာရာမှာ တိကျသေချာသော ရှင်းလင်းချက်များမဖြစ်နေခြင်းကြောင့် မှောင်ခိုဈေးကွက်ကို တွန်းပို့နေသလို ဖြစ်နေသလား သုံးသပ်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက ထောက်ပြသည်။

မြန်မာနိုင်ငံရှိ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေကြသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ရွှေ- ဒေါ်လာ အရောင်းအဝယ် လုပ်ကိုင်နေကြသူ အများစုသည် အစိုးရမှ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်အပေါ် မူတည်၍ ဘယ်နည်းလမ်း ဖြင့် မှောင်ခိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်၍ ရနိုင်သလဲ စဉ်းစားကာ လုပ်နေကြောင်း ကားမူဝါဒ လေ့လာသုံး သပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နေမှုကိုတွေ့ရစဉ်

၎င်းက “ပြဿနာက မှောင်ခိုလုပ်နေတဲ့ သူတွေမှာ ဘာထူးခြားတဲ့ ဝိဒေသရှိလဲဆိုတော့ အစိုးရရဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပေါ်မှာ သူတို့ ဘယ်နေရာကနေ ယိုပေါက်တစ်ခုကနေ ဘာလုပ်လို့ရမလဲဆိုတာ သူတို့ အမြဲတမ်း စဉ်းစားနေတာ။ ခက်တာက အစိုးရဘက်ကလည်း ဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်တာက တတ်နိုင်သမျှ ထိန်းချုပ် လို့ရနိုင်မလားဆိုတဲ့အတွေး၊ ထိန်းချုပ်မယ်ဆိုတဲ့ အတွေးနဲ့သူတို့ကလည်း အများကြီး ခေါင်းတွေ သုံးပြီးတော့ သူတို့မှာလည်း စီးပွားရေး ပညာရှင်တွေ အများကြီးရှိတယ်။

စီးပွားရေး အကြံပေးတွေ ရှိတယ်။ ဒီအပိုင်းကနေပြီး တော့ သူတို့ နိုင်ငံခြားငွေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ။ 

တစ်ဖက်ကလည်း ပိုက်ဆံ ဘယ်လိုရှိမလဲဆိုတဲ့ စီးပွားရေးသမားတွေကလည်း အဲဒီမှောင်ခိုလမ်းကြောင်းကနေ ဒေါ်လာကို ဘယ်လိုလုပ်မလဲဆိုတာ အမြဲတမ်း ကစားနေတာ။ တချို့ဆိုရင် တစ်သက်လုံး အသက် ၆၀/၇၀ ရောက်တဲ့အထိကို ဒေါ်လာပဲ ကစားနေတဲ့ တကယ့် ဝါရင့် ဒေါ်လာအရောင်းအဝယ် လုပ်နေတဲ့သူတွေ အများကြီးပဲ ဈေးကွက်ထဲမှာရှိတော့ ဒီလူတွေက ဒီလိုကြေညာ ချက် ထုတ်လာရင် ဘာလုပ်ရမလဲဆိုတာ သူတို့မှာ plan A, plan B ဆိုတာ ရှိပြီးသားပဲ။ ပြောချင်တာက ဗဟိုဘဏ် ကြေညာချက် ဘယ်လိုပဲထုတ်ထုတ် တစ်ဖက်မှာ ဒေါ်လာမှောင်ခိုလုပ်နေတဲ့ လုပ်ငန်းတွေက ပိုပြီးကြီးထွားလာနိုင် တယ်။ ပိုပြီး ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နေ့က ပြည်တွင်းနေထိုင်သူတစ်ဦးသည် အမေရိကန်ဒေါ်လာ ၁ သောင်းအထိကို ၆ လ အတွင်း ကိုင်ဆောင်ခွင့်ရှိကြောင်း၊ ထိုကာလကျော်လွန်ပါက နိုင်ငံခြားသုံးငွေလုပ်ငန်း လိုင်စင်ရရှိသူများနှင့် ဘဏ် စာရင်းသို့ ထည့်သွင်းခြင်းနှင့် ဈေးကွက်ပေါက်ဈေးများဖြင့် ရောင်းချရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက  ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်မှုဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက် မူဝါဒသည် ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်းကို ထိန်းချုပ်ခြင်းဟုဆိုသော်လည်း တစ်ဖက်တွင် မှောင်ခိုဈေးကွက်ကို ပို၍ကြီးထွားလာစေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။ 

ဗဟိုဘဏ် ထုတ်ပြန်ချက်ကို တွေ့ရစဉ်

၎င်းက “အဲဒါကြီးကတော့ နည်းနည်းလေးတော့ များတာပေါ့နော်။ ကိုယ့်လက်ထဲမှာရှိတဲ့ ပိုက်ဆံ ဒေါ်လာ ၁ သောင်းကို ကိုယ်က အဲဒါတောင် ကိုင်လို့မရဘူးဆိုတဲ့ သဘောတော့ ဖြစ်သွားတာပေါ့နော်။ အရမ်းတင်းကြပ် သွားတဲ့သဘော ဖြစ်သွားတော့ မှောင်ခိုဈေးကွက်က ပိုပြီးတော့ ကြီးလာမယ်လို့ မြင်တယ်။ ဘယ်ကိစ္စမဆို ချုပ်ကိုင်ရင်တော့ မှောင်ခိုဆိုတာ အမြဲတမ်း ရှိတယ်လေ။ ဒါကတော့ ငွေကြေး ဈေးကွက်တင် မဟုတ်ဘူး၊ အရင် ကုန်စည်ဈေးကွက်မှာလည်း ချုပ်ကိုင်ရင် ချုပ်ကိုင်သလောက် မြန်မာပြည်မှာ ကုန်စည်ဈေးကွက်မှာလည်း ရှိတယ် မှောင်ခိုဆိုတာ။ အခုကလည်း ဒေါ်လာကို ချုပ်ကိုင်မယ်ဆိုရင် ဒေါ်လာ နောက်ကွယ်ကနေပြီးတော့ ဒါက ဒေါ်လာ ကစားတဲ့ သူတွေရဲ့ ပြဿနာပဲလေ။ တကယ်ဒေါ်လာ Hungry ဖြစ်တာ ဘယ်လောက်ဖြစ်သလဲ။ ဒါပေမယ့် ကျောင်းသွားတက်တဲ့သူက ဒေါ်လာ ၃၀၀/၄၀၀/၅၀၀ လောက်နဲ့ လုပ်လို့မရဘူးလေ။ အဲဒါကို ရောင်းပေးရမယ် လေ။ ဈေးသွားကုတဲ့သူက ဒေါ်လာ ၃၀၀/၄၀၀/၅၀၀ လောက်နဲ့ မရဘူးလေ။ ဒေါ်လာ သောင်းချီကုန်မှာကိုး။ အဲဒါ ကိုလည်း သူတို့ ရောင်းပေးရမယ်လေ။ ဒါပေမယ့် အထောက်အထား အခိုင်အမာတော့ တင်ပြခိုင်းပေါ့။ ဘယ်ကို သွားကုရမယ် ဘာညာဆိုတာတော့ လိုမှာပေါ့။ ကျောင်းဆိုလည်း ကျောင်းဝင်ခွင့်၊ ကျောင်းလခ အထောက်အထား တွေ ဘာတွေနဲ့ တင်ပြရင် အဲဒါကို ရောင်းပေးဖို့က ဗဟိုဘဏ်က လုပ်ပေးရမယ်လေ။ ကျန်တာတော့ ဘာမှမလုပ် နဲ့၊ မရောင်းနဲ့ဆိုတာမျိုးတော့ လုပ်လို့တော့ မရဘူးပေါ့။ အဲလိုဆိုရင် မှောင်ခိုဈေးကွက်က တအားကြီး ကြီးထွား သွားမယ်လို့ မြင်တယ်လေ” ဟု ပြောသည်။

အစိုးရအနေဖြင့် ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းရာတွင် ထိရောက်သည့် ထိန်းကျောင်းမှုစနစ် ရှိရန် လိုအပ် ကြောင်း၊ တိုင်းပြည်၏ အခြေခံ စီးပွားရေးသည် စနစ်တကျ လည်ပတ်မှု ရှိခြင်း/မရှိခြင်းကို သိရှိ နားလည်ထားရန် လိုအပ်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစိုးရက ဝင်ရောက်ထိန်းကျောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ထိန်းကျောင်းမှုသည် စနစ် တကျ တကယ်ဟုတ်/မဟုတ် ဒါက နံပါတ် ၁ အချက်ပေါ့။

စနစ်တကျဆိုတာ micro economic policy rule အရ ထိရောက်တဲ့ ကိရိယာတန်ဆာပလာ Tool နဲ့ လုပ်တာ ဟုတ်/မဟုတ် နံပါတ် ၁ အချက်ပေါ့နော်။ ရိုးရိုးသားသား ပြောရရင် သိပ်ပြီး ကွာလဖိုင်းဖြစ်တယ်လို့ မမြင်ဘူး။ နောက် ၂ အချက်က ဘာလဲဆိုတော့ အခံ တိုင်းပြည်ရဲ့ စီးပွားရေးစနစ်ရဲ့ ကာလအတန်ကြာ စနစ်တကျ လည်ပတ်ခဲ့လား၊ မလည်ပတ်ခဲ့လား အခင်းအကျင်းပေါ့။ အဲဒီ အခင်းအကျင်းကလည်း ပုံမှန် စီးပွားရေး micro economic policy tools တွေနဲ့ ကိုက်ညီတဲ့ဟာ အခင်းအကျင်း ရှိနေမှ ၁ အချက်။ ၂ အချက်က government က ဝင်ရောက်ပတ်သက်တဲ့ government interpreting ဆိုတာ သည်လည်း အဲဒီအခင်းအကျင်းပေါ်မှာ တကယ်စနစ်တကျ ရေပတ်မဝင် စဉ်းစားထားတာရှိမှ အကျိုးရှိတာပေါ့။ နံပါတ် ၁ အချက်က အခင်းအကျင်းသည် micro ဘောဂဗေဒ သဘောအရ စနစ်တကျ ရှိနေခဲ့တဲ့ အခင်းအကျင်း ရှိနေခဲ့တာ ဟုတ်/မဟုတ် နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်သည် interpreting လုပ်တဲ့ tools သည်လည်း စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ micro economic policy အရ စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ interpreting လုပ်တာ ဟုတ်/မဟုတ် အဲဒီ ၂ ချက်ပဲ စကားပြောမှာ” ဟု ပြောသည်။

ဗဟိုဘဏ်ရုံးချုပ်ကိုတွေ့ရစဉ်

သက်ဆိုင်ရာ အစိုးရမှ ဌာနဆိုင်များသည် ထုတ်ပြန်ချက် တစ်စောင်ထုတ်သည့် အခါဖြစ်စေ၊ မူဝါဒတစ်ခုကို ထုတ် ပြန် ကြေညာသည့်အခါ ဖြစ်စေ ရှင်းလင်းချက်များ မပါဘဲ ရှုပ်ထွေးပြီး ဝေဝါးစွာ ထုတ်ပြန်နေခြင်းကြောင့်လည်း ရွှေ-ဒေါ်လာ- ကုန်ဈေးနှုန်း ကြီးမြင့်အောင် တွန်းပို့သလို ဖြစ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက ထောက်ပြသည်။

ထို့နောက် မှောင်ခိုလုပ်သူများအတွက် အကြိုက်တွေ့စေကာ ဈေးကစားမှုများ ပေါ်ပေါက်လာနေသည်ကိုလည်း သတိပြုသင့်ကြောင်း၊ လက်တလောမှာလည်း သက်ဆိုင်ရာ အာဏာပိုင်များသည် ရွှေ-ဒေါ်လာ- ကုန်ဈေးနှုန်း ကစားသူများကို ဖမ်းဆီးမည်ဟု ပြောသည့်တိုင် ဖမ်းဆီးမှုများကြောင့် မှောင်ခိုဈေးကွက် ပိုမိုဖြစ်ပေါ်နေသလား ပ ပျောက်သွားသလားဆိုသည်ကိုလည်း သေချာပြန်သုံးသပ်သင့်ကြောင်း ၎င်းတို့က ပြောသည်။

ထို့အပြင် မူဝါဒများ ချမှတ်ရာတွင် သရေကွင်းကဲ့သို့ မူဝါဒများ မဖြစ်ရန် လိုအပ်ကြောင်း၊ မူဝါဒများကို မကြာခဏ ပြောင်းလဲခြင်းများ မလုပ်သင့်ကြောင်း၊ ခိုင်မာပြီး လက်တွေ့ကျသည့် မူဝါဒဖြစ်ရန် လိုအပ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောသည်။