CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂

အိန္ဒိယနိုင်ငံက ပြည်ပဆန်တင်ပို့မှု ကန့်သတ်လိုက်ချိန်တွင် မြန်မာ့ဆန်ကို ပြည်ပနိုင်ငံများက မှာယူမှုများလာ နိုင် ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသူများက သုံးသပ်နေကြသည်။

ထို့အပြင် အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်လိုက်သည့်အပြင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများ၏ ဆန်ဈေးနှုန်း များသည်လည်း မြင့်တက်နေခြင်းကြောင့် ဝယ်လက်များသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်လာကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိတွင် မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့လျက်ရှိနေပြီး အာဖရိကနိုင်ငံများက ဝယ်ယူမှုတိုးလာနေ သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်ပတော့ ဈေးတော့ နည်းနည်းလေး အဝယ်တော့ များနေကြပါတယ်။ ပြည်တွင်းလည်း အဝယ်များ တယ်၊ ပြည်ပလည်း အဝယ်များတယ်။ အိန္ဒိယကြောင့်လည်း အဝယ်များတာ ပါပါတယ်။ သွားပါတယ် ဖိလစ်ပိုင်တို့ ဘာတို့လည်း သွားပါတယ်။ အာဖရိကလည်း နည်းနည်း အဝယ်လိုက်ပါတယ်။ ပုံမှန်လေး ဝယ်ပါတယ်။ နည်းနည်း ဟိုဘက်နိုင်ငံတွေ ပိတ်တော့ ဒီဘက်ကို နည်းနည်းလေး တိုးဝယ်လာကြပါတယ်။ ထပ်ပြီး ဟိုဘက်နိုင်ငံတွေကို ထွက်နိုင်ပါတယ် ဒီဘက်က။ အရင်ကထက်စာရင်တော့ ပိုရောင်းရနိုင်ပါတယ်” ဟု ပြောသည်။

တောင်သူတစ်ဦး လယ်ထွန်နေစဉ်

ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသည် လာမယ့်နှစ်အစောပိုင်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်းဆန်ဈေး မတက်စေရန် ရည်ရွယ်ပြီး ဆန်ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ အိန္ဒိယက ကန့်သတ်လိုက်ခြင်းကြောင့် မြန်မာ့ဆန်ဝယ်ယူမှု မြင့်တက်လာမည်ဆိုပါက မြန်မာနိုင်ငံတွင် ရှိသည့် စပါးစိုက်တောင်သူများအတွက် ကောင်းမွန်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိန္ဒိယရဲ့ နိုင်ငံခြားဆန်တင်ပို့မှုက မနည်းဘူးလေ။ အဲဒီတော့ ဒီကနေပြီးတော့ ဝယ်ယူမှု ပိုများလာမယ် ဆိုရင်တော့ ဒီမှာရှိတဲ့ တောင်သူတွေအတွက်တော့ ပိုပြီးတော့ လုပ်ရတာ ဒီဘက်က တောင်သူတွေက မထုတ်လုပ် နိုင်တာ မဟုတ်ဘူး။ အမှန်တော့လေ ထုတ်ကုန်နဲ့ ထုတ်လုပ်တဲ့စရိတ်နဲ့ မကိုက်လွန်းအားကြီးလို့လေ။ အခု တကယ်လို့သာ ကိုက်လာမယ်ဆိုလို့ရှိရင် ဒီဘက်က ဆန်စပါးထုတ်လုပ်မှုက မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် ၃ ပုံ ၁ ပုံလောက် ထပ်တိုးလို့ရတယ်။ အထွက်နှုန်းတိုးအောင်ရယ်၊ ရာသီအလိုက် ထပ်ပြီးတော့ စိုက်တာရယ်၊ အများ ကြီး လုပ်လို့ရတာပေါ့။ အခု နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေပေါ့၊ အထည်ချုပ်တို့ ဘာတို့ကို ပိတ်ဆို့မှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ အခြေခံစိုက်ပျိုးရေး လယ်ယာသီးနှံကို ဝယ်တဲ့နိုင်ငံ ပိုများလာ မယ်ဆိုရင်တော့ ဒီဘက်က ကိုယ့်ဘက်က ပျက်သွားတဲ့ အလုပ်လည်း ပြန်အစားထိုးလို့ ရမယ်။ အဲဒါက ကောင်းတဲ့ သတင်းပါပဲ” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ ကောင်းမွန်နေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်မားမှု မဖြစ် စေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု လိုင်စင်များကို အစိုးရမှ လာမည့်လတွင် လျှော့ချမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ထို့နောက် ပြည်ပတင်ပို့ရန်အတွက် ဆန်ဝယ်ယူမှုများသည် ရန်ကုန်ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ဝယ်ယူမှု နည်းပါးနေပြီး စပါးထွက်ရှိရာ နယ်ဒေသများသို့ ကုန်သည်များ တိုက်ရိုက် ဝယ်ယူမှုများ ရှိနေခြင်းကြောင့် ဆန် ဝင်ရောက်မှု နည်းပါးနေသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆန်စက်တစ်ခုကို တွေ့ရစဉ်

၎င်းက “အခုလက်ရှိတော့ နိုင်ငံတကာဈေးနှုန်းတွေက ကောင်းပေမယ့်လည်း ပြည်တွင်းမှာ ဆန်ဈေး မြင့်တက်မှု မဖြစ်အောင်လို့တော့ Export လိုင်စင်တွေ လျှော့ချမယ်လို့တော့ အဲဒီလို ပြောနေတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရောင်းထားပြီးသား Exporter တွေကတော့ ဝယ်နေတုန်းပေါ့နော်။ ဝယ်တာကတော့ အရေအတွက်ကတော့ နည်း သွားတယ်။ အရင်ကလောက် မဝယ်ဘူး။ ဒါပေမယ့် ဝယ်ယူနေမှုတော့ ကျန်သေးတယ်။ နယ်တွေမှာ တိုက်ရိုက် ဆင်းဝယ်တာ များပြီးတော့ ကုန်စည်ဒိုင်ကို ဝင်ရောက်မှု နည်းတယ်။ ဒေသတွေမှာ သွားပြီးတော့ စပါးရော၊ ဆန် ရော ဝယ်ကြတာ များတယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိ ဆန်ဈေးနှုန်းများသည် အတက်ဘက်သို့ ဦးတည်နေပြီး အစိုးရမှ ပြည်ပဆန်တင်ပို့သည့် လိုင်စင်များကို လျှော့ချမည်ဆိုပါက ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ပြည်ပ ဆန် ဈေးနှုန်းသည် တစ်အိတ်လျှင် ၆ သောင်းကျပ်ဝန်းကျင် ဖြစ်နေသည်ဟု သိရသည်။

လာမည့် စက်တင်ဘာလ ၁ လလုံးတွင် ပြည်ပဆန်တင်ပို့မှု လိုင်စင်ချထားပေးမှုများကို အစိုးရက ရပ်နားထား မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသော်လည်း ဝန်ကြီးဌာနမှ မူဝါဒများနှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးနေခြင်းကြောင့် အတည်ပြုချက် မရသေးကြောင်း သိရသည်။