CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၈

ထိုင်းအစိုးရအဖွဲ့၏ အစီအစဉ်များထဲတွင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် ချမ်းသာကြွယ်ဝသည့် စီးပွားရေးကို ထူထောင်ရန် ရည်မှန်းချက်များ ပါဝင်သည်ဟု ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) အစိုးရအဖွဲ့၏ လက်ကျန်သက်တမ်း ၂ နှစ်ကျော် အတွင်း ထိုင်းလူမျိုးများကို ဆင်းရဲတွင်းထဲက လွတ်မြောက်စေရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ပေတုန်တန်၏ အဖွဲ့ဝင် ၅ ဦးပါ အကြံပေးအဖွဲ့၏ ဒုဥက္ကဋ္ဌ  ဆူရာပွန် ဆူဘွန်လီ (Surapong Suebwonglee) က ပြောကြားခဲ့သည်။

နိုင်ငံအတွက်ထားသည့် ရည်ရွယ်ချက်မှာ စီးပွားရေးပြဿနာများကို ကျော်လွှားရန်ဖြစ်ပြီး ချမ်းသာကြွယ်ဝသည့် စီးပွားရေး ပေါ်ပေါက်လာရန် လမ်းဖွင့်သွားမည်ဟု ဒေါက်တာ ဆူရာပွန်က ပြောကြားခဲ့သည်။

ပေတုန်တန်သည် စက်တင်ဘာ၂၆ ရက်က အစိုးရဧည့်ဂေဟာဖြစ်သည့်  Baan Phitsanulok တွင် အကြံပေးပုဂ္ဂိုလ် များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဆူရာပွန်က ထိုကဲ့သို့ မှတ်ချက်စကားများ ပြောကြားခဲ့ခြင်းဖြစ်သည်။

"Baan Phitsanulok ရုံးကို တရားဝင် ဖွင့်လိုက်ပါပြီး" ဟု မစ္စစ် ပေတုန်တန်က ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့ပြီး အကြံပေးပုဂ္ဂိုလ်များနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံများကိုလည်း လူမှုမီဒီယာ၌ တင်ခဲ့သည်။

ပေတုန်တန် အစိုးရက ထိုင်းအခြေခံလူတန်းစားကို ဘတ် ၁၀၀၀၀ ထောက်ပံ့ပေးစဉ်

ယခုလ အစောပိုင်းက ပေတုန်တန်သည်  နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သည့် ပညာရှင် ၅ ဦးပါဝင်သော အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအကြံပေးအဖွဲ့၏ ဥက္ကဋ္ဌမှာ ပန်ဆက် ဗင်ယာရတ် ပန်ဆက် (Pansak Vinyaratn. Pansak) ဖြစ်ပြီး ကျန်အဖွဲ့ဝင် ၄ ဦးမှာ ဒေါက်တာဆူရာပွန်၊ ဆူပါဝူ ဆိုင်ချင်ဝါ (Supavud Saicheua) ၊ ထုံထန် ချန်ဒရန်ဆူ (Tongthong Chandransu) နှင့် ပွန်သက် သက်ကန်ဂျာနာ (Pongthep Thepkanjana) တို့ဖြစ်သည်။

ဝန်ကြီးချုပ်ပေတုန်တန်သည် နယ်ပယ်ကဏ္ဍ အသီးသီးတွင် အတွေ့အကြုံ ရင့်ကျက်သည့် အကြံပေးပုဂ္ဂိုလ်များ၏ အကြံဉာဏ်များကို နားထောင်ရန် အဆင်သင့်ရှိနေကြောင်း ဒေါက်တာ ဆူရာပွန်က အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် စီးပွားရေးကိစ္စများကို ကျွမ်းကျင်ပိုင်နိုင်သည့် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (NESDC) ဥက္ကဋ္ဌ ဆူပါဝူက စီးပွားရေးမူဝါဒများနှင့်ပတ်သက်ပြီး ၎င်း၏ အကြံဉာဏ်များကို တင်ပြခဲ့သည်ဟု ဆူရာပွန်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်