CNI International Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို သစ္စာခံသည့် မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်တတ်သူ ၅ ဦးပါဝင်သော မူဝါဒအကြံပေးများအဖွဲ့ကို ဖွဲ့စည်းခန့်အပ်ခဲ့သည်။

အသက် ၆၇ နှစ်မှ ၈၁ နှစ်ကြား အရွယ်များဖြစ်သည့် နိုင်ငံရေးအတွေ့အကြံ ရင့်ကျက်သော  ပညာရှင် ၅ ဦးသည် အသက် ၃၈ နှစ် အရွယ်သာရှိသေးသည့် နိုင်ငံရေးအတွေ့အကြုံနည်းပါးသော ပေတုန်တန်ကို ပြည်သူ့အုပ်ချုပ်ရေး အပိုင်းနှင့် အစိုးရမူဝါဒချမှတ်မှု အပိုင်းများတွင် ကူညီလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ပေတုန်တန်၏ အမိန့်အရ ထိုမူဝါဒ အကြံပေးများအဖွဲ့ကို သက်ဆင်၏ ဝန်ကြီးချုပ် သက်တမ်းကာလဖြစ်သည့် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း စီးပွားရေးမူဝါဒ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပန်ဆက် ဗင်ယာရတ် ပန်ဆက် (Pansak Vinyaratn. Pansak) က ဦးဆောင်မည်ဖြစ် သည်။

ဒုတိယခေါင်းဆောင်အဖြစ် သက်ဆင်၏ အယုံကြည်ရဆုံး လက်ထောက်များထဲမှ တစ်ဦးဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူရာပွန် ဆူဘွန်လီ (Surapong Suebwonglee) က တာဝန်ယူမည်ဖြစ်သည်။

ကျန်အဖွဲ့ဝင် ၃ ဦးမှာ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ဥက္ကဋ္ဌ ဆူပါဝူ ဆိုင်ချင်ဝါ (Supavud Saicheua)၊ ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်ဟောင်း ထုံထန် ချန်ဒရန်ဆူ (Tongthong Chandransu) နှင့် တရားရေးဝန်ကြီးဟောင်း ပွန်သက် သက်ကန်ဂျာနာ (Pongthep Thepkanjana) တို့ ဖြစ်သည်။

ထိုအကြံပေး ၅ ဦးသည် သက်ဆင် ဝန်ကြီးချုပ်လက်ထက်က ၎င်း၏ အတွင်းစည်းထဲမှ လူယုံများဖြစ်သည်။

ပေတုန်တန်နဲ့ဆရီသာကို တွေ့ရစဉ်

ဖြူးထိုင်းပါတီ၏ တရားဝင်ခေါင်းဆောင်သည် ပေတုန်တန် ဖြစ်သော်လည်း သက်ဆင်သည် ထိုပါတီ၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း ယူဆခံထားရသည်။

ဘူရာဖာ (Burapha) တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေရေးရာ မဟာဌာနမှ ကထိကဖြစ်သူ အိုလန် သင်ဘန်တီယို (Olarn Thinbangtieo) ကမူ ထိုအကြံပေးပုဂ္ဂိုလ်များသည် ပေတုန်တန်၏ ပုံရိပ်ကို မြင့်တက် စေရန်နှင့် အစိုးရအဖွဲ့အတွင်း ပေတုန်တန်၏ အတွေ့အကြုံနည်းပါးမှုကို တစ်ဖက်တစ်လမ်းမှ ကူညီပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အတွေ့အကြံများတဲ့ အကြံပေးအဖွဲ့ဟာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်ပါတယ်။ သူတို့ကို ရာထူးခန့်အပ်တာဟာ ငယ်ရွယ်တဲ့ ဝန်ကြီးချုပ်ရဲ့ အားနည်းချက်တွေ ကို ဖာထေးပေးဖို့ ဖြစ်ပါတယ်။ ပေတုန်တန်ရဲ့ နိုင်ငံရေးအတွေ့အကြုံ အားနည်းချက်ကြောင့် အကြံပေးပုဂ္ဂိုလ်တွေ ကို မရှိမဖြစ် လိုအပ်ပါတယ်" ဟု အိုလန်က ပြောကြားခဲ့သည်။

ထို့ပြင် အကြံပေးပုဂ္ဂိုလ်များသည် ပေတုန်တန်အပေါ် လူထု၏ ယုံကြည်မှုကို တည်ဆောက်ပေးမည်ဖြစ်ပြီး ပေတုန်တန်ကို သက်ဆင်က ကြိုးကိုင်နေသည်ဆိုသည့် စွပ်စွဲချက်များကို လွင့်ပြယ်စေရန် အထောက်အကူ ပြုပေးနိုင်လိမ့်မည်ဟုလည်း အိုလန်က ဆိုသည်။

ပေတုန်တန်၏ မူဝါဒအကြံပေးအဖွဲ့ အကြီးအကဲဖြစ်သည့် ပန်ဆက်သည် အဖွဲ့ဝင်များထဲတွင် အသက်အကြီးဆုံး ဖြစ်ပြီး သူ့အသက်သည် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည်။

သူသည် စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လန်ဒန်တက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေပညာဖြင့် ဘွဲရရှိခဲ့သူဖြစ်သည်။

သူသည်  Krungthai ဘဏ်တွင် အသက်မွေးဝန်းကြောင်း အလုပ်ကို စတင်ခဲ့ပြီးနောက်ပိုင်းတွင် မီဒိယာဘက်သို့ ကူးပြောင်းခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Bangkok World သတင်းစာတွင် သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။

 သက်ဆင်နဲ့ ပေတုန်တန်ကို တွေ့ရစဉ်

ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် Jaturat အမည်ရှိ လစဉ်ထုတ် မဂ္ဂဇင်းကို ထူထောင်ခဲ့ပြီးနောက် ၅ နှစ်အကြာတွင် ထိုမဂ္ဂဇင်းသည် အပတ်စဉ်ထုတ် သတင်းစာအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၇၆ ခုနှစ်၊ အောက်တိုဘာလက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏ လက်ဝဲယိမ်း အပတ်စဉ်ထုတ် သတင်းစာသည် ရပ်နားသွားခဲ့ကာ ပန်ဆက်သည် လူ့အသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် တံဆိပ် ကပ်ခံခဲ့ရပြီး အကျဉ်းချခံခဲ့ရသည်။

အမေရိကန်အစိုးရ၏ မေတ္တာရပ်ခံချက်ကြောင့် နောက်ပိုင်းတွင် ပန်ဆက်သည် ပြန်လည်လွတ်မြောက်ခဲ့သည်။ 

ထောင်မှလွှတ်မြောက်ခဲ့ပြီးနောက် ပန်ဆက်သည် နိုင်ငံအတွင်းမှ ထွက်ခွာက အမေရိကန်တွင် ၂ နှစ်ကျော် နေထိုင်ခဲ့ပြီး ထိုင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

၁၉၈၈ ခုနှစ်က ချတ်တီချိုင်း ချွန်ဟာဗန် (Chatichai Choonhavan) အစိုးရလက်ထက်တွင် ပန်ဆက်သည် ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း သက်ဆင်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ချိန်ကလည်း ပန်ဆက်သည် သက်ဆင်နောမစ် (Thaksi nomics) ဟု လူသိများသည့် သက်ဆင်၏ စီးပွားရေး အတွေးအမြင်ဆိုသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဖြင့် ချီးကျူးခံခဲ့ရသည်။

ထို့ပြင် ပန်ဆက်သည် သက်ဆင်၏ နယ်ရုပ်များအဖြစ် ရှုမြင်ခံခဲ့ရသည့် ဆာမက် ဆွန်ဒါရာဝီ (Samak Sundaravej) နှင့် ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) တို့၏ အစိုးရအဖွဲ့များတွင်လည်း အကြံပေးပုဂ္ဂိုလ် အဖြစ် ပါဝင်ခဲ့သည်။

ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရတွင် ပေတုန်တန် မတိုင်မီ ယခင် ဖြူးထိုင်းပါတီ ဝန်ကြီးချုပ်ဖြစ်သည့် ဆရီသာ သာဗီဆင် (Srettha Thavisin) လက်ထက်တွင်လည်း ပန်ဆက်သည် အမျိုးသား အာဏာအပျော့ မဟာဗျူဟာ ကော်မတီတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ပြီး ထိုအချိန်က ပေတုန်တန်သည် ထိုကော်မတီ ၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။

ထို့ပြင် အကြံပေးပုဂ္ဂိုလ်များအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ဆူရာပွန် (၆၇ နှစ်) သည်လည်း သက်ဆင် အစိုးရလက်ထက်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဆာမက် အစိုးရအဖွဲ့ လက်ထက်ကလည်း ဒုဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဆရီသာ အစိုးရ၏ အာဏာအပျော့ ကော်မတီတွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။

ဒေါက်တာ ဆူရာပွန်သည် မဟီဒေါလ် တက္ကသိုလ် (Mahidol University) တွင် ဆေးပညာဖြင့် ဘွဲရခဲ့ပြီး ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) တွင် စီးပွားစီမံ မဟာဘွဲ့ကို ရရှိခဲ့သည်။

သူသည် နိုင်ငံရေးလောကထဲ မဝင်ရောက်မီ ဆေးပညာ ကတိကတစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး မဟီဒေါတက္ကသိုလ် ၏ ဆေးပညာမဟာဌာနတွင် ဒုတိယမဟာဌာနမှူးအဖြစ် တာဝန်ယူခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်

ထို့နောက် ICT ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် သက်ဆင်မိသားစု ပိုင်ဆိုင် သည့် Shin Satellite Plc ကုမ္ပဏီနှင့် သဘောတူညီမှုတစ်ခုတွင် အမှားအယွင်း ပြုလုပ်ခဲ့မှုဖြင့် တရားရုံးချုပ်၏ ရာဇဝတ်မှုဆိုင်ရာဌာနက ဆူရာပွန်ကို ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည်။

အသက် ၆၇ နှစ်အရွယ် ဆူပါဝူသည်လည်း စီးပွားရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ 

သူသည် Phatra Securities Plc ကုမ္ပဏီတွင် သုတေသီအကြီးအကဲနှင့် အမှုဆောင် မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ 

လက်ရှိတွင် သူသည် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

နောက်ထပ် အဖွဲ့ဝင်တစ်ဦးမှာ အသက် ၆၉ နှစ်အရွယ် ထုံထန် ဖြစ်ပြီး သူသည် သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ်၏ အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သည်။

ထို့ပြင် သူသည် ချူလာလောင်ကွန်းတက္ကသိုလ်၏ ဥပဒေမဟာဌာနတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ဆင်၏  ယောက်ဖတော်စပ်သည့် ဝန်ကြီးချုပ် ဆွမ်ချိုင်း ဝေါင်ဆဝတ် (Somchai Wongsawat) ၏ အစိုးရ အဖွဲ့ လက်ထက်တွင် တရားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပေတုန်တန် မတိုင်မီ ယခင်ဝန်ကြီးချုပ် ဆရီသာ လက်ထက်တွင်လည်း သူသည် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် တရားသူကြီးဟောင်း ပွန်သက် (၆၈ နှစ်) သည် သက်ဆင် လက်ထက်က တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းလပ် လက်ထက်တွင် ဒုဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် သူသည် သက်ဆင်၏ အကျင့်ပျက်ခြစားမှု စွဲချက်များနှင့် ရင်ဆိုင်နေရချိန်တွင် သက်ဆင်၏ ပုဂ္ဂိုလ်ရေး ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံခဲ့ရသည်။

Source: Thai PBS World