CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

ထိုင်းတွင် အနည်းဆုံး အခြေခံလုပ်ခလစာကို ဘတ် ၄၀၀ သို့ တိုးပေးမည်ဖြစ်သော်လည်း လုပ်သားအားလုံး ပါဝင် မည် မဟုတ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်ဝန်ကြီးချုပ် ဆရီသာ လက်ထက်၌ ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံလုပ်ခလစာအား ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးရန် လုပ်ဆောင်ခဲ့ပြီး လုပ်သားအားလုံးကို တိုးမြှင့်ပေးရန် ရည်ရွယ်ခဲ့သည်။

သို့သော် လက်ရှိ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် ဘတ် ၄၀၀ တိုးပေးမည့် မူဝါဒမှာ မပြောင်းလဲသော်လည်း ကန့်သတ်ချက်ဖြင့်သာ တိုးပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြခဲ့သည်။

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒါပေမယ့် အသေးစိတ် တော့ မသိရသေးဘူး။ သူတို့ ဝန်ကြီးအဖွဲ့ဖွဲ့တာပဲ တစ်ရက် နှစ်ရက်ပဲ ရှိသေးတယ်လေ။ အဲဒီတော့ မူဝါဒပိုင်း ဆိုင်ရာ အတိအကျတွေက ကျနော်တို့လည်း မသိရသေးဘူး။ သူတို့ရေးထားတဲ့ အထဲမှာတော့ အဲဒီ မပြောထား ဘူး။ သူတို့သတ်မှတ်ထားတဲ့ နေရာနဲ့ အလုပ်အပေါ် မူတည်ပြီးတော့ပဲ တိုးမယ့်သဘောရှိတယ်။ အကုန်လုံးကို ပေးတာ မဟုတ်လောက်ဘူး” ဟု ပြောသည်။

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်

ယခုကဲ့သို့ ဘတ် ၄၀၀ တိုးမြှင့်ပေးခြင်းနှင့် ပတ်သက်၍လည်း စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်စေနိုင်သည်ဟု လုပ်ငန်းရှင်များဘက်မှ စိုးရိမ်မှုများ ရှိနေကြသည်။

ရွှေ့ပြောင်းလုပ်သားများအား၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာ မြှင့်တင်ခြင်းသည် ဖြူးထိုင်းပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလက ကတိတစ်ခုဖြစ်သည်။

အစိုးရသက်တမ်း ပထမနှစ်တွင် အနိမ့်ဆုံး အခြေခံလုပ်ခလစာအား ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး အစိုးရ သက်တမ်း ၂၀၂၇ ခုနှစ်အထိတွင် ဘတ် ၆၀၀ အထိသို့ တိုးမြှင့်ပေးမည်ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဆရီသာ ရာထူးမှ ဖယ်ရှားခံရပြီး ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီး ရက်ပိုင်းအတွင်း အခြေခံလုပ်ခလစာ တိုးမြှင့်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အနည်းဆုံး အလုပ်သမား ၂၀၀ ရှိသော ကုမ္ပဏီများနှင့် စက်ရုံများတွင်သာ ကျင့်သုံးသင့်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ထုတ်ဖော်ပြောကြားလာသဖြင့် လုပ်သားအားလုံး တန်းတူညီမျှ တိုးပေးသင့်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်

၎င်းက “သူတို့က ကန့်သတ်ချက် limit တွေ ထားထားတာပေါ့။ လုပ်သားဦးရေ ဘယ်လောက်အထက်မှာ အဲဒီ စက်ရုံ၊ အလုပ်ရုံတွေက လုပ်အားခတိုးမြှင့်ခြင်းကို ခံစားရမယ်ဆိုပြီး ပြောဆိုလာတဲ့အခါမှာ ဒါ ကျနော်တို့ပထမဆုံး အတွေ့အကြုံပေါ့။ အမှန်တော့ တကယ်ဖြစ်စေချင်တာက လုပ်သား တစ်ဦးပဲဖြစ်စေ၊ နှစ်ဦးပဲဖြစ်စေ အားလုံးက အလုပ်ရှင်ကနေ တစ်ရက် ၈ နာရီ လူတိုင်းက အလုပ်လုပ်ရတဲ့ အတွက်ကြောင့် တန်းတူညီမျှ ရစေချင်တဲ့ သဘော မှာရှိပါတယ်။ သို့သော် သူတို့ပြောလိုက်တဲ့ အနေအထားမျိုးကတော့ ဘယ်လိုကြောင့် သူတို့အခုလို သုံးသပ် လိုက် တယ်ဆိုတာတော့ စဉ်းစားရခက်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏ အခြေခံ အနိမ့်ဆုံး လုပ်ခလစာသည် ပြည်နယ်ပေါ် မူတည်၍ တစ်ရက်လျှင် ဘတ် ၃၃၀ မှ ၃၇၀ ကြား ရရှိနေကြခြင်းဖြစ်သည်။

သို့သော် အချို့လုပ်ငန်းခွင်များရှိ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် လုပ်ခလစာ အပြည့်အဝ မရရှိကြခြင်းကို လက်ရှိအချိန်ထိ ကြုံတွေ့နေကြရဆဲဖြစ်ကြောင်း၊ ထိုအခြေအနေများအား ထိုင်းအာဏာပိုင်များမှ စိစစ် ကြီးကြပ်သင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။