CNI International News

ပေကျင်း၊ စက်တင်ဘာ ၆

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က အာဖရိကအတွက် ဒေါ်လာ ၅၁ ဘီလျံနီးပါး ငွေကြေးထောက်ပံ့မှု လုပ်သွားမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အဆိုပါ ထောက်ပံ့မှုနှင့်အတူ ကမ္ဘာ့ဒုတိယမြောက် အလျင်မြင်ဆုံး တိုးတက်မှုရှိနေသည့် တိုက်ကြီးတစ်တိုက် ဖြစ်သော  အာဖရိကတိုက်အတွက် တရုတ်၏ ထောက်ပံ့မှုများကို အရှိန်တင်သွားမည်ဟု စက်တင်ဘာ ၅ ရက်က ကတိပြုခဲ့သည်။

ထို့ပြင် တရုတ်သည် အာဖရိကတွင် အခြေခံ အဆောက်အအုံ စီမံကိန်းများကို ပိုမိုထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၁ သန်းခန့်ကို ဖန်တီးပေးမည်ဟုလည်း ရှီက ကတိပြုခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ငွေထုတ်ချေးသည့် နိုင်ငံဖြစ်သည့် တရုတ်သည် အခြေခံ အဆောက်အအုံများအတွက် ငွေကြေး ထောက်ပံ့မှုပေးနေသော အစီအစဉ်ကို လျှော့ချခဲ့ပြီး တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားသည့် ခေတ်မီ အစိမ်း ရောင် နည်းပညာများ (သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမည့် နည်းပညာများ)ကို ဖွံ့ဖြိုးဆဲနိုင်ငံများအား ရောင်းချရေးကိုသာ အာရုံစိုက် လုပ်ဆောင်လာခဲ့သည်။

ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ရှီက သယံဇာတပေါကြွယ်ဝသည့် အာဖရိကတိုက်တွင် အခြေခံ အဆောက်အအုံ စီမံကိန်း ၃၀ ခန့်ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယွမ် ၃၆၀ ဘီလျံ(အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၇၀ ဘီလျံ)ကို ငွေကြေးထောက်ပံ့ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

"တရုတ်ဟာ စက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ အာဖရိကနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ အသင့်ပါပဲ" ဟု ရှီက ဘေကျင်းမြို့တော်တွင် ပြုလုပ်သည့် တရုတ်-အာဖရိကညီလာခံသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့် အာဖရိကအကြား ကုန်းကြောင်း-ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်တစ်ခုရှိနေပြီး တရုတ်ကန်ထရိုက်တာများ အနေဖြင့် အာဖရိကတွင် COVID-19 ကပ်ရောဂါ ကာလက ရပ်နားထားခဲ့သည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်လုပ်ဆောင်ရန် ရှီက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း တရုတ်သည် အာဖရိကအတွက် ဒေါ်လာ ၄ ဒသမ ၆၁ ဘီလျံ တန်ကြေးရှိသည့် ချေးငွေကို ထုတ်ချေးပေးရန် အတည်ပြုခဲ့သည်။

 ရှီကျင့်ဖျင်နဲ့ အာဖရိက ခေါင်းဆောင်များကို တွေ့ရစဉ်

အာဖရိကအတွက် ယွမ် ၂၁၀ ဘီလျံကို အတိုးနှုန်းများဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး ယွမ် ၇၀ ဘီလျံကိုမူ တရုတ် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကာ စစ်ရေးအကူအညီနှင့် အခြား စီမံကိန်းများတွင်လည်း ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်တွင် လက်ရှိ ကျင်းပနေသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သည် တရုတ်နှင့် အာဖရိက နိုင်ငံများအကြား ၃ နှစ် စီမံကိန်းအဖြစ် ရေးဆွဲထားခြင်းဖြစ်သည်။

ထိုစီမံကိန်းတွင် ထိုင်ဝမ်နှင့် ဆက်ဆံရေး ထူထောင်ထားသည့် အက်စ်ဝါတီနီ (Eswatini) နိုင်ငံမှလွဲပြီး ကျန်  အာဖရိကနိုင်ငံများအားလုံး ပါဝင်သည်။

Source: ရိုက်တာ