CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄

ရန်ကုန်မှ လုပ်သားအများအပြားသည် တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံများသို့ သွားရောက်လုပ်ကိုင်ကြရန် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်သို့ ရောက်ရှိနေကြသည်မှာ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။

ကျောက်မဲ-သီပေါလမ်းကြောင်း ပိတ်သွားသည့်အတွက် တရုတ်ပြည်သို့ သွားရောက်ရန် မူဆယ်ဘက်ကို တက်လာကြသူ နည်းပါးသွားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း၌ လူအများအပြား ပြန်ဖြစ်လာကြောင်း မူဆယ်မြို့ရှိ နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အောက်ဗမာပြည်ကနေ အထူးသဖြင့် ရန်ကုန်ကနေပြီးတော့ တရုတ်ပြည်သွားမယ့် မိန်းကလေး၊ ယောကျာ်းလေး အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်ပြီးသွားမယ့် အလုပ်သမားတွေပေါ့ အဲဒါတွေကတော့ အရမ်းကို များနေတယ်။ ကားဝင်းထဲမှာပဲ။ ရန်ကုန်ဘက်ကတော့ များတယ်။ တရုတ်ဘက်က အလုပ်အကိုင်က တရုတ်က တော့ ဈေးနှိမ်ပါတယ်။ အခုအာမခံချက်ရှိတာ ကြားရတာဆိုလို့ ဒီဘက်ကနေ အလုပ်သမားပို့ပေးတဲ့ လူတွေက လည်း တကယ်တာဝန်ယူတယ်၊ တကယ်လည်း တာဝန်ခံကြပါတယ်။ ဟိုဘက်ကလည်း အထည်ချုပ်နဲ့ ပတ်သက် ပြီး တရုတ်စက်ရုံဆိုရင်လည်း အလုပ်သမားတွေကို အာမခံချက် ပေးထားပါတယ်။ သူတို့ရဲ့ သတ်မှတ်ထားတဲ့ နယ်နိမိတ်ကျော်ရင်တော့ တမျိုးပေါ့။ သူတို့စက်ရုံထဲမှာ နေတယ်ဆိုရင် တရုတ်ရဲလာဖမ်းလည်း အာမခံချက် ရှိတယ် အဖမ်းအဆီး မခံရအောင် ပြန်လုပ်ပေးတယ်။ အဲဒီလိုမျိုးတွေရှိတယ်” ဟု ပြောသည်။

 MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်

လက်ရှိ မူဆယ်မြို့တွင် တရုတ်ငွေဈေး အဆမတန် မြင့်တက်မှုများ၊ တိုက်ပွဲ အခြေအနေများကြောင့် ကုန်ဈေးနှုန်း များလည်း ယခင်ကထက် အဆမတန် မြင့်တက်နေပြီး အချို့ဆိုင်များတွင် ကျပ်ငွေ လက်မခံဘဲ တရုတ်ယွမ်ငွေ ဖြင့်သာ ဝယ်ယူ၍ရကြောင်း သိရသည်။ 

ထိုအခြေအနေများကြောင့် သာမန် လက်လုပ်လက်စားသမားများ အနေဖြင့်လည်း အခက်အခဲ တွေ့နေကြရ ကြောင်းလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲကာလများတွင် ပရဟိတအသင်းအဖွဲ့များမှ ဒေသခံလူထုအတွက် နှုန်းထားလျှော့ချ၍ ရောင်းချပေးခြင်း၊ အခမဲ့လှူဒါန်းပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

သို့သော် လက်ရှိ အနေအထားအရ အလှူရှင်များ၏ လှူဒါန်းမှုမှာလည်း လျော့နည်းသွားကြောင်း ပရဟိတအသင်း အဖွဲ့တစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။

မူဆယ်မြို့က ဈေးဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “အခုဆို ဆီဈေးက ၁ လီတာကို ၄၇၀၀၊ ၄၆၀၀ ဖြစ်သွားတာလေ။ အရင်တုန်းက မန္တလေးသွားမယ်ဆိုရင် ၁ သိန်းခွဲ၊ ၂ သိန်းလောက်ဆို လောက်ပြီ။ အခုက ဘယ် ကြောက်စရာကြီး ဆီဈေးတွေက။ အသင်းက ကုန်ကျ စရိတ်ပိုများတာပေါ့။ တချို့လမ်းကြောင်းတွေဆို အလှူငွေမရတာတွေ တစ်လတစ်လ ခြုံကြည့်လိုက်ရင် အများ ကြီးပဲ။ စဉ်းစားချင့်ချိန်ရတာပေါ့ အရင်တုန်းက ၁ သိန်းလှူမယ်ဆိုရင် အခု ၅ သောင်းလှူမယ်၊ ၃ သောင်းလှူမယ် အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ လှူချင်တဲ့ အတိုင်းအတာတွေ လျော့သွားတယ်။ လုပ်ငန်းတွေက အကုန်လုံး ကြပ်ကုန်တာလေ။ တချို့ဆိုင်တွေဆိုရင် မြန်မာကျပ်ငွေနဲ့တောင် မပြောတော့ဘဲနဲ့ တရုတ်ငွေနဲ့ပဲ ပြောပြော နေကြတာ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ အခုစလာပြီ မူဆယ်မှာလည်း” ဟု ပြောသည်။

လက်ရှိတွင် မြန်မာကျပ်ငွေဖြင့် နှိုင်းယှဉ်ရာ၌ နိုင်ငံခြားငွေ ဈေးနှုန်းမှာ အဆမတန် မြင့်တက်လာနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ရွှေဈေး၊ စက်သုံးဆီနှင့် အခြေခံကုန်ဈေးနှုန်းများ ကြီးမြင့်မှုဒဏ်ကို တွေ့ကြုံခံစားနေကြသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူဆယ်မြို့တွင် ၁၀၂၇ စစ်ဆင်ရေးကာလ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ရှိခဲ့သော်လည်း ယခုလက်ရှိတွင် တရုတ်ငွေတန်ဖိုး အင်မတန် မြင့်တက်သွားသည့်အတွက် ကုန်ဈေးနှုန်းများ ပိုမိုကြီးမြင့်သွားကြောင်း သိရသည်။