CNI Internaional News

ဆိုးလ်၊ ဩဂုတ် ၁၄

တောင်ကိုရီးယားတွင် လျှပ်စစ်ကားများ၏ ဘက်ထရီများ မီးလောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်များကြောင့် ဘေးကင်း လုံခြုံမှုဆိုင်ရာ စည်းကမ်းများကို ပိုမိုတင်းကြပ်ရန် တိုက်တွန်းမှုများ ထွက်ပေါ်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့ သည်။

ထို့နောက် တောင်ကိုရီးယား မော်တော်ယာဉ်လုပ်ငန်းကို ထိုခိုက်စေမည့် စိုးရိမ်မှုများလည်း ထွက်ပေါ်နေသည်။

ဩဂုတ် ၁၃ ရက်က တောင်ကိုရီးယား အရာရှိများသည် လျှပ်စစ်ကားများ မီးလောင်မှုကြောင့် လူထု၏ စိုးရိမ်စိတ် များကို ဖြေရှင်းရန်အတွက် အစည်းအဝေး ခေါ်ယူခဲ့သည်။

မကြာသေးမီနှစ်များအတွင်း လျှပ်စစ်ကားများ၏ ဘက်ထရီများ မီးလောင်မှု ဖြစ်စဉ်များရှိခဲ့သည်။

လျှပ်စစ်ကားများ အားသွင်းနေစဉ်

၂၀၂၃ ခုနှစ်က မီးလောင်မှု ၇၂ ကြိမ်၊ ၂၀၂၂ ခုနှစ်က ၄၃ ကြိမ်နှင့် ၂၀၂၁ ခုနှစ်က ၂၄ ကြိမ်ရှိခဲ့သည်ဟု အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြထာသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်က ဆိုးလ် (Seoul) မြို့တော် အနောက်ဘက် အင်ချွမ် (Incheon) မြို့ရှိ လူနေ အဆောက်အအုံ၏ မြေအောက်ထပ် ကားပါကင်တွင် Mercedes-Benz လျှပ်စစ်ကားတစ်စီး စတင်မီးလောင် ကျွမ်းခဲ့ပြီးနောက် အနီးနားရှိ ကားအစီးရေ ၁၄၀ ခန့် မီးကူးစက်လောင်ကျွမ်းခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသား အများစုသည် အင်ချွန်မြို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ထိုအဆောက်အအုံ ကဲ့သို့ လူနေထူထပ်သော အဆောက်အအုံများ၌ နေထိုင်လျက်ရှိပြီး အဆောက်အအုံ၏  မြေအောက် ကားပါကင် များ၌  ကားများကို ရပ်နားထားကြခြင်းဖြစ်သည်။

လျှပ်စစ်ကားများ၏ ဘက်ထရီများသည် နာရီပေါင်းများစွာကြာ မီးလောင်ကျွမ်းနိုင်ပြီး ငြှိမ်းသတ်ရ ခက်ခဲသည်ဟု တောင်ကိုရီးယား မီးသတ်ဌာနက ပြောကြားခဲ့သည်။

"လျှပ်စစ်ကားတွေ မီးလောင်တာကို သာမန် မီးသတ်ဆေးဘူးတွေနဲ့ ငြှိမ်းသတ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကားတွေအောက်မှာ တပ်ထားတဲ့ လစ်သီယံဘက်ထရီတွေရဲ့ ပေါက်ကွဲမှုကြောင့် အပူချိန်ဟာ အရမ်းမြင့်မား နေလို့ပါပဲ" ဟု မီးသတ်ဌာနက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းနေတဲ့ လျှပ်စစ်ကားကို တွေ့ရစဉ်

ဇွန်လအတွင်းကလည်း လစ်သီယံဘက်ထရီ စက်ရုံတစ်ရုံတွင် ပြင်းထန်သည့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် အလုပ်သမား ၂၃ ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် ပညာရှင်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက လူနေရပ်ကွက်များတွင် လျှပ်စစ်ကားများ မီးလောင်ကျွမ်းမှုအန္တရာယ်ကို လျှော့ချရန် တင်းကျပ်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းများ ထုတ်ပြန်ရန် အစိုးရကို တိုက်တွန်းခဲ့သည်။

ပြည်သူများ၏ နေအိမ်များနှင့် သာမန်ကားများကို မီးကူးစက် လောင်ကျွမ်းမည့် အန္တရာယ်မှ လျှော့ချရန်အတွက် လူနေ အဆောက်အအုံများ၏ မြေအောက်ထပ် ကားပါကင်များတွင် လျှပ်စစ်ကားများ အားသွင်းသည့် နေရာများ အား မြေပြင်ဘေးရှိ လေဟာပြင်နေရာများသို့ ပြောင်းရွှေ့ရန် ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သည်။

အင်ချွမ်မြို့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု ဖြစ်စဉ်သည် လျှပ်စစ်ကားများအတွက် ဘေးကင်းလုံခြုံရေး ဆိုင်ရာ စံချိန်စံညွှန်းများကို တင်းကြပ်ရန် သင်ခန်းစာတစ်ခုဖြစ်ကြောင်း ဒေလင်မ် (Daelim) တက္ကသိုလ်မှ မော်တော်ယာဉ် လေ့လာရေးဘာသာရပ်၏ ပါမောက္ခ ကင်မ် ဖီလ် ဆူး (Kim Pil-soo) က တိုက်တွန်းခဲ့သည်။

Source: Nikkei Asia