CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃

ယွမ်စျေးထိုးတက်နေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်တွင် အခြေခံ စားသောက်ကုန် စျေးနှုန်းများ မြင့်တက်လျက်ရှိပြီး အွန်လိုင်းရှိ တရုတ်ထုတ်ကုန် ရောင်းဝယ်ရေး လုပ်ငန်းများ အခက်တွေ့နေ ကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် မူဆယ်၊ နမ့်ခမ်းမြို့များ၌ သြဂုတ် ၈ ရက်နေ့တွင် တရုတ်ယွမ်ငွေ ၁ ရာလျှင် မြန်မာငွေကျပ် ၇၈၀၀၀ ရှိခဲ့ရာမှ ယခု သြဂုတ် ၁၃ ရက်နေ့တွင် ၈၅၀၀၀ ထိ ဖြစ်လာခဲ့သောကြောင့် အဆိုပါမြို့ များတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့သည်။

လက်ရှိ နမ့်ခမ်းမြို့တွင် ဆန်အမျိုးအစားပေါ်မူတည်၍ အနည်းဆုံး ကျပ် ၁၃၀၀၀၀ မှ ၁၇၀၀၀၀ အထိရှိနေပြီး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁ သောင်းခွဲအထိ ပေါက်စျေးရှိနေသည်ဟု သိရသည်။

ဒေသခံတစ်ဦးက “ဒီမှာက တရုတ်ယွမ်ကိုဘဲ အခြေခံနေရတော့ တရုတ်ငွေစျေးတက်ရင် ကုန်စျေးနှုန်းတွေက သူ့အလိုလို တက်ကုန်ကြတာ။ နဂိုကမှ ကုန်စျေးနှုန်းက တက်ပါတယ်ဆို အခုလို ယွမ်စျေးတွေ ထိုးတက်တော့ ပိုဆိုးကုန်တာပေါ့။ ရှမ်းဆန်တစ်ပြည်ကိုမှ အရင်လက ၆၀၀၀ ပေးဝယ်ရပေမယ့် ဒီလမှာ တစ်ပြည်ကို ၉၀၀၀ လောက်ဖြစ်နေပြီ ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် တရုတ်-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ ကုန်စုံဆိုင် အချို့နှင့် စားသောက်ဆိုင်အချို့တွင် ကျပ်ငွေဖြင့် ဝယ်ယူ၍မရတော့ဘဲ ယွမ်ငွေဖြင့်သာ ဝယ်ယူနေရကြောင်း ဒေသခံများက ဆိုသည်။

မူဆယ်ဒေသခံတစ်ဦးက “တချို့ဆိုင်တွေဆိုရင် ယွမ်‌ငွေနဲ့ပဲ အစားအသောက်ဝယ်ကြတယ်။ မြန်မာကျပ်ငွေနဲ့ ဝယ်မယ်ဆိုရင် အများကြီးပေးဝယ်နေရတယ်လို့ ခံစားရတာပေါ့။ ဆိုင်တွေကလည်း မြန်မာကျပ်ငွေနဲ့ မတွက် ပေးဘူး ယွမ်ငွေနဲ့ပဲတွက်ပေးတာ” ဟု CNI သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ယွမ်ငွေ ၁၀၀ လျှင် ကျပ်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ကြားရှိခဲ့သော်လည်း ယခု သြဂုတ်လတွင် ယွမ်ငွေ ၁၀၀ လျှင် ကျပ် ၉၀၀၀၀ အထိ ပေါက်စျေးရှိလာပြီဖြစ်သည်။

ငွေလဲလှယ်မှု ပေါက်စျေးများကို တွေ့ရစဥ်

ထို့အတူ ယွမ်ငွေထိုးတက်နေမှုကြောင့် အွန်လိုင်းမှနေ၍ တရုတ်ထုတ်ကုန် ရောင်းဝယ်ရေး လုပ်ငန်းများလည်း အခက်တွေ့နေကြောင်း China preorder လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက CNI သတင်းဌာန သို့ပြောသည်။

၎င်းက “ယွမ်စျေးက အဲ့လောက်တက်နေတော့ လက်ရှိပစ္စည်းဒိုင်တွေကလည်း update မလုပ်ကြတော့ဘူးလေ၊ update မဖြစ်တော့ အကုန်ထွက်ကုန်ကြတာပေါ့။ တချို့ဆိုင်တွေလည်း ပိတ်ထားကြပြီ။ ဒီယွမ်စျေးနဲ့ ဒီquality နဲ့ကျ စျေးပေးပြီးဝယ်ဖို့က မတန်တော့ဘူးပေါ့၊ အရင်က China’s product က ပေါပေါပဲပဲ ဝယ်လို့ရတယ်လေ။ အခုကျ စျေးကြီးပေးဝယ်ရမှာဆိုတော့ ဘာလုပ်မှာလဲ မလိုတာတွေဆိုတာမျိုး ဖြစ်လာတာပေါ့။ ခုလောလောဆယ် တော့ China online order တချို့လည်းရပ်ဆိုင်းထားရတယ်။ လုပ်ငန်းကြီးတွေလောက်သာ လည်ပတ်နေ တော့တာ” ဟု CNI သတင်းဌာန သို့ပြောသည်။

ယွမ်စျေးမြင့်တက်မှုကြောင့် Online Shopping လုပ်ငန်းများလည်း အဆင်မပြေဖြစ်နေကြရပြီး ပစ္စည်းစျေးများ သည်လည်း မကြာခဏ တက်နေသည်။

Online Shopping လုပ်ကိုင်သူတစ်ဦးက “တတ်နိုင်သမျှ စျေးမတက်ဘူးဆိုပြီး အားတင်းထားပေမယ့် ကျမ တို့လည်း ယွမ်စျေး ၉၀၀ နီးပါးကိုတော့ တောင့်မခံနိုင်တော့ဘူး။ အရင်တုန်းကဆို ယွမ်ပဲစျေးတက်တက် ဘတ်ပဲစျေးတက်တက် ၁ ရက် ၂ ရက်ပဲလေ၊ အခုကကျ ၁ ပတ် ၁၀ ရက်လောက်ရှိနေပြီကို။ ဒီရက်ထဲမှာ ‌စျေးတွေက ခဏခဏ တက်နေရတာ ဝယ်သူတွေကိုလည်း အားနာတာပေါ့၊ ဒါပေမယ့် မတက်ဘဲ ‌ရောင်းရရင် လည်း ဆိုင်ပိတ်ဖို့ပဲ ကျန်တော့တယ်” ဟု ပြောသည်။

ယွမ်စျေးသည် ယခုထက် ပိုမိုတက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြပြီး ၂၀၂၀ ခုနှစ်အတွင်း ယွမ်ငွေ ၁၀၀ လျှင် အနည်းဆုံး ကျပ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ ထိသာ ရှိခဲ့သည်။