CNI International News

တိုကျို၊ စက်တင်ဘာ ၂၇

သူလျှိုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂျပန်သံတမန်တစ်ဦးကို ဖမ်းဆီးခဲ့ခြင်းအပေါ် ရုရှား ဝန်ချတောင်းပန်ရန် ဂျပန်အစိုးရက စက်တင်ဘာ ၂၇ ရက် (ယနေ့) တောင်းဆိုလိုက်ကြောင်း ဂျပန်တိုင်းမ်မီဒီယာ၏ သတင်း ဖော်ပြ ချက်အရ သိရသည်။

ရုရှားအာဏာပိုင်များ၏ စွပ်စွဲချက်ကို ဂျပန်က ငြင်းဆိုခဲ့ပြီး မယုံနိုင်စရာလုပ်ရပ်များဖြင့် မျက်ကွယ်ပြု အရေးယူ ခဲ့ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့အရှေ့ပိုင်းတွင် ရုံးထိုင်သည့် ဂျပန်သံတမန်သည် တရားမဝင် သူလျှိုလုပ်သဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျပန်အစိုးရထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူးမက်ဆူနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့သံတမန်အရာရှိဟာ သူ့မျက်စိနှစ်ဘက်ကို ရုရှားအာဏာပိုင်တွေဘက်က အတင်းပိတ်ပြီး ဖမ်းဆီး စစ်ကြောမေးမြန်းတာ ခံခဲ့ရပါတယ်” ဟု ဟီရိုကာဇူးမက်ဆူနိုက ဆက်လက်ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ယင်းသံတမန်ကို ရုရှားတို့က ပြန်လွှတ်ပေးခဲ့ပြီး စက်တင်ဘာ ၂၈ ရက် (မနက်ဖြန်)တွင် ရုရှားနိုင်ငံ အတွင်းမှ ထွက်ခွာစေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်(ယာဘက်အစွန်း)၊ မကြာသေးခင်က လုပ်ကြံခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး(အလယ်)တို့နှင့်အတူ ရုရှားသမ္မတ ဗလာဒီမာပူတင်(ဘယ်အစွန်း)တို့ကို တွေ့ရစဉ်(ဓါတ်ပုံ - ရိုက်တာ)

ဗလာဒီဗော့စတော့မြို့ရှိ ဂျပန်ကောင်စစ်ဝန်ချုပ် တက်ဆိနိုရီမိုတိုကီကို ၄၈ နာရီအတွင်း ရုရှားပြည်တွင်းမှ ထွက်ခွာရန် နှင်ထုတ်သည့်အမိန့်ကို ရုရှားအာဏာပိုင်များက ထုတ်ခဲ့သည်။

၎င်းကို နာရီအတန်ကြာအောင် ချုပ်နှောင်ခံထားရပြီးမှ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက စက်တင်ဘာ ၂၇ ရက်(ယနေ့)တွင် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုကျိုမြို့ရှိ ဂျပန်ဆိုင်ရာရုရှားသံအမတ် မီခေးလ်ဂလူဇင်ကို စက်တင်ဘာ ၂၇ ရက်တွင် ဆင့်ခေါ်၍ ကန့်ကွက်ကြောင်း အသိပေးခဲ့သည်။

ကောင်စစ်ဝန်တစ်ဦးကို ဖမ်းဆီး၍ စစ်ကြောမေးမြန်းခြင်းသည် ကောင်စစ်ဝန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း သတင်းထောက်များကို ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာစုဟာယာရှိက ပြောကြားခဲ့သည်။

မိမိတို့ကောင်စစ်ဝန်သည် တရားမဝင်လုပ်ရပ် ကျူးလွန်ခြင်းမရှိကြောင်းနှင့် ၎င်းဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရုရှားအာဏာပိုင်များက အတင်းအကြပ်ဆက်ဆံခဲ့သဖြင့် ရုရှား၏လုပ်ရပ်များကို မိမိတို့လုံးဝလက်မခံနိုင်ကြောင်း ယိုရှီမာစုဟာယာရှိက ဆက်လက်ပြောကြားခဲ့သည်။

တိုကျိုအစိုးရသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ယူကရိန်းသို့ ရုရှားမကျူးကျော်မီကပင် မော်စကိုအစိုးရနှင့် ရှုပ်ထွေးသောဆက်ဆံရေးရှိခဲ့ပြီး နှစ်နိုင်ငံစလုံးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငြိမ်းချမ်းရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခြင်း ယခုအထိ မရှိသေးပေ။

Source: Japan Times