CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၃

မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ-တရုတ် ကုန်တင်မော်တော်ယာဉ်များ အပြန်အလှန် နယ်စပ်ဖြတ်ကျော်သွားလာခွင့် မကြာခင်ရတော့မည်ဟု မူဆယ်ကုန်သည်များထံမှ သိရသည်။

ယခင်က တရုတ်ဘက်သို့ ဝင်ရောက်နိုင်ရန်အတွက် တရုတ်ကုန်ကားများသာ အသုံးပြုနေရပြီး ယခုအခါ မြန်မာကုန်ကားများ လည်း တရုတ်ဘက်သို့ ဝင်ထွက်ခွင့်ရမည်ဖြစ်ခြင်းကြောင့် ကုန်များကို အပြောင်းအရွှေ့ ပြုလုပ်စရာ မလိုတော့သည့်အတွက် ကုန်သည်များအနေဖြင့် သယ်ယူစရိတ် သက်သာလာမည်ဟု (၁၀၅)မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးစိုင်းခင်မောင်က “အရင်တုန်းက တရုတ်ကားပဲ ထွက်လို့ရတယ်။ အခုက မြန်မာကားပါ အဝင်အထွက်လုပ်ဖို့ စီစဉ်နေတာ လေ။ ကုန်သည်တွေ အနေနဲ့ကတော့ ကောင်းတာပေါ့။ ကားသမားတွေ အနေနဲ့ကတော့ နည်းနည်း အခက်အခဲ များတာပေါ့။ ကုန်သည်တွေ အနေနဲ့တော့ သယ်ယူစရိတ် သိပ်မကုန်တော့ပဲနဲ့ မပြောင်းမရွှေ့ရပဲနဲ့ ဟိုဘက် ရောက်သွားမယ်။ ကားသမား တွေ အနေနဲ့ကတော့ သပ်သပ် စီစဉ်ပေးဖို့ လိုတာပေါ့” ဟု ပြောသည်။

ထို့နောက် တရုတ်နိုင်ငံအတွင်း မြန်မာကုန်ကားများကို မြန်မာယာဉ် မောင်းများမှ မောင်းနှင်ခွင့် မရဘဲ တရုတ်ဘက်မှ အစားထိုး ယာဉ်မောင်းများက မောင်းနှင်သွားမည်ဖြစ်ခြင်းကြောင့် ကုန်တင်ယာဉ်များ ပျက်စီးမှုများ ဖြစ်လာမည်ကို ကုန်ကား ပိုင်ရှင်များ စိုးရိမ်နေကြသည်။

မြန်မာဘက်ခြမ်းက တရုတ်နယ်စပ်ကုန်သွယ်ရေး

ပြီးခဲ့သည့်နှစ်က မြန်မာကုန်ကားများ တရုတ်နိုင်ငံသို့ ကုန်တင်ဆောင်၍ ပို့ဆောင်ခဲ့ရာတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်မှ ပိတ်လိုက်ခြင်းကြောင့် ကုန်ကားများ တရုတ်နိုင်ငံအတွင်းမှာ လနှင့်ချီ၍ ပိတ်မိခဲ့ခြင်းများ ရှိခဲ့သည်။

ထို့ကြောင့် အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားမည်ကို စိုးရိမ်သည်ဟု ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြောသည်။

ကိုမင်းမင်းက “ ဟိုတခါကလည်း ဖြစ်ပြီးပြီလေ။ အရင်တခါ ဂျယ်ဂေါင်တုန်းကလည်း အဲအတိုင်း ဖြစ်သွားတာလေ။ အထဲထဲ ဝင်ပြီးမှ သူတို့ ပိုးတွေ့တာတို့ ဘာတို့ဆိုပြီး ပိတ်သွားတယ်။ ကားတွေ တရုတ်ထဲ ကျန်ခဲ့တယ်။ ပြီးရင် ၂ လ၊ ၃ လ၊ ၄ လ လောက် ကြာသွားတယ်။ အဲလိုမျိုး ကြာပြီးမှ ပြန်ထုတ်ပေးတာ။ စိုးရိမ်မှုတော့ ရှိတာပေါ့။ စိုးရိမ်တာပေါ့။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ ပေးရမှာပဲ ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ ကုန်ကားနှင့် တရုတ် ကုန်ကားများ အပြန်အလှန် ဝင်ထွက်ကြသည့်အခါတွင် မြန်မာကုန်ကားနှင့် တရုတ် ကုန်ကား အစီးရေ ညီတူညီမျှ ဝင်ထွက်ကြရမှာဖြစ်ကြောင်း၊ ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှုသည် ယခုထက် ပိုပြီး မြန်ဆန် လာမည်ဟုလည်း ကုန်သည်များက ခန့်မှန်းနေကြသည်။