CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

နစက-က ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ (ဇွန်လ ၁၀ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ ပေးမည်ဟု ပြောဆိုပြီး ပြင်ဆင်မှုတချို့ကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

DPNS က “ မိမိတို့ အင်အားစုများအနေဖြင့် တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီကို အသိအမှတ်မပြုရုံမက ၎င်းတို့ ခန့်အပ်ထားသော ရွေးကောက်ပွဲ ကော်မရှင်နှင့် ၎င်းက ကမကထပြု၍ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်ပြုမည် မဟုတ်ချေ”ဟု ပြောသည်။
နစက-က ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ပြည်သူများ အခွင့် အရေး ဆုံးရှုံးနိုင်ကြောင်း၊ လာမည့် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံး၍ ကျင်းပမည်ဖြစ်ကြောင်း ပြောထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ယခုအခါ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေး လျက်ရှိပြီး ကျန်ရှိသည့် အဖွဲ့များနှင့်လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင် ပါက ၎င်းနယ်မြေများရှိ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုရှိလာနိုင်ကြောင်း၊ ထို့ကြောင့် အထွေထွေရွေးကောက်ပွဲ (Genersl Election)ဆိုသည့် စကားနှင့် အညီ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်ရန်လိုတယ်”ဟု ဇွန်လ ၈ ရက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲထည့်စဉ်

ထို့နောက် နစက၏ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပမည်ဖြစ်ပြီး ယနေ့ ဆင်နွှဲနေသော နွေဦး တော်လှန်ရေးကြီးနှင့် ပြည်သူလူထု တစ်ရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှု တစ်ရပ်သာ ဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DPNS က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင် ဖျက်ဆီးရန်၊ အင်အားစု အသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ အင်အားစု အသီးသီးကြား သွေးစည်း ညီညွတ်ရေး လျော့လျဲသွားစေရန်နှင့် ယနေ့ စစ်ကောင်စီ ရင်ဆိုင်နေရသည့် အကျပ်အတည်း ပေါင်းစုံမှ ရုန်းထွန်ရန် ရည် ရွယ်ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု မိမိတို့ အင်အားစုများက ရှင်းလင်းပြတ်သားစွာ သုံးသပ်ရှုမြင်သည်”ဟု ပြောသည်။

သို့ပါ၍ မိမိတို့ အင်အားစု အသီးသီးအနေဖြင့် နွေဦးတော်လှန်ရေးနှင့် လူမျိုးစုံလူထုကြီးကို လှည့်စား၍ ဖိနှိပ် ချေမှုန်းရန် ကြံ စည်နေမှုများအား ဘက်ပေါင်းစုံမှ ဖွင့်ချဖော်ထုတ်ပြီး နစက-က ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ထုတ်ပြန်ခဲ့သည်။