CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့အတွက်ဆိုလျှင် အစိုးရမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တိကျသေချာသည့် ကတိကဝတ်များ ပေးအပ်ရန်လိုသည်ဟု မြန်မာ့စီးပွားရေး လေ့လာသူများနှင့် လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ပေါ်လစီများ တိကျခိုင်မာမှု အားနည်းခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာများ အားနည်းခြင်းတို့ကြောင့် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံကို အုပ်ချုပ်နေသည့် ခေါင်းဆောင်၏ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံလေ့ ရှိကြသည့်အတွက် ဦးဆောင်သူနှင့် များစွာ သက်ဆိုင်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ခိုင်မာတိကျတဲ့ အစိုးရဘက်ကနေမှ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှုရှိတဲ့ ကတိကဝတ်တွေ ပေးဖို့ နေရာမှာ အားနည်းချက် ရှိတယ်လို့ အစ်ကိုတို့က သုံးသပ်လို့ ရတယ်။ အဲဒါက ဘယ်လိုဟာမျိုး ဖြစ်သလဲဆိုတော့ အစိုးရက ရင်းနှီးမြှုပ်နှံသူတွေကို သေချာတယ်၊ ငါတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ရှိရင် မင်းတို့ မရှုံးနိုင်ဘူး ဘယ်လို အကျိုးအမြတ်တွေ ရှိမယ်။ မင်းတို့အတွက် ငါတို့က ဘယ်လိုမျိုး အကာအကွယ် ပေးထားနိုင်တယ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ငါတို့က ဘယ်လောက်ထိ တိကျတယ်ဆိုတာကို ပိုပြီးနားလည် ရှင်း လင်းအောင် ချပြဖို့လိုတယ်။ အခုလည်း သူက ချပြနေတာ ရှိတယ်။ သို့သော်လည်း အဲဒီချပြတာထက် ပိုပြီး လွယ် ကူ ရှင်းလင်းအောင် ချပြဖို့ လိုတယ်။ နောက်ပြီး အဓိက အစိတ်အပိုင်းကတော့ ခေါင်းဆောင်တဲ့ အစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတစ်ယောက်က နိုင်ငံတနိုင်ငံကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဲဒီနိုင်ငံမှာ ရှိတဲ့ ခေါင်းဆောင်က ဘယ်လိုမျိုး သွားနေတဲ့ ခေါင်းဆောင်လဲ၊ စီးပွားရေးအတွက် သွားတဲ့ခေါင်းဆောင်လား၊ ဘာသာရေးအတွက် သွားတဲ့ခေါင်းဆောင်လား၊ စစ်အင်အားအတွက် သွားနေတဲ့ ခေါင်းဆောင်လားဆိုတဲ့ ဒီခေါင်းဆောင်မှာ ကြည့်ပြီးသွားတော့မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်တယ်”ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကိုတွေ့ရစဉ်

ထို့နောက် တရုတ်နိုင်ငံမှာဆိုလျှင် ကွန်မြူနစ်နိုင်ငံဖြစ်သည့်တိုင်အောင် စီးပွားရေးကို ဦးစားပေးသွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ များပြားကြောင်း ဦးအောင်ပြည့်စုံက နှိုင်းယှဉ်ပြသည်။

၎င်းက “တရုတ်နိုင်ငံမျိုးဆိုရင် ကွန်မြူနစ်နိုင်ငံ။ သို့သော်လည်း ကွန်မြူနစ်နိုင်ငံသည် စီးပွားရေးကို သွားတာဖြစ်တဲ့ အတွက်ကြောင့် တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်တယ်။ စင်္ကာပူဆိုရင် စီးပွားရေး ဘက်သွားတယ်။ ဒီအတွက် ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ သူတို့ ဝင်လာတယ်။ ထိုင်းဆိုလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နည်းမျိုးစုံနဲ့ သူတို့ က နိုင်ငံခြားမှာ ကွန်ဒိုတိုက်ခန်း ဝယ်မယ်ဆိုလို့ရှိရင် ဘယ်လိုအခွင့်အရေးတွေ ပေးမယ် အစရှိသဖြင့်ကို ဆွဲဆောင် မှုရှိတဲ့ ကြေငြာချက်တွေ ထုတ်ပြန်ချက်တွေနဲ့ သူတို့က ဆွဲဆောင်ကြတယ်။ အစ်ကို့နိုင်ငံမှာ နိုင်ငံတနိုင်ငံ ရင်းနှီး မြှုပ်နှံဖို့ မပြောနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံတဲ့ သူတွေတောင်မှပဲ လုပ်ငန်းတစ်ခု ထပ်ချဲ့ဖို့အတွက် တွေဝေတွန့်ဆုတ် နေမယ်ဆိုရင် ဘာသာစကားအရရော၊ လူမျိုးအရရော၊ အသွင်သဏ္ဍာန်အရရော မတူကြတဲ့ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမှုအတွက်က အခက်အခဲတွေ အများကြီး ရှိတာပေါ့။ အဲတော့ ခေါင်းဆောင်တွေနဲ့ပဲ အဓိက သက်ဆိုင် တယ်လို့ အစ်ကိုကတော့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ဆိုလျှင် နီးစပ်ရာ လူပုဂ္ဂိုလ်များကိုသာ လုပ်ပိုင်ခွင့်များ ပေးဆောင်နေခြင်းနှင့် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

တခြားသော မြေယာနှင့် အလုပ်သမား အရင်းအမြစ်များစွာမှာ ပူပန်စရာမလိုဘဲ အဆင်သင့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

ထို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့် သူများသည် နိုင်ငံရေး အကျပ်အတည်းများကြောင့်လည်း ဝင်ရောက်ရန် ချင့်ချိန်နေကြကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ခံ အစိုးရ တက်လာမှသာ ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ဝင်ရောက်လာနိုင်ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာပညာရှင် ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “နိုင်ငံရေး အခင်းအကျင်းကြောင့် နိုင်ငံတကာ FDI ဝင်ဖို့က သူ့ရဲ့ Department တွေက တွန့်ဆုတ်နေတဲ့ သဘော ရှိတယ်။ ဒါ့ကြောင့်မို့လည်း ရွေးကောက်ပွဲကို သူတို့ အမြန် ကျင်းပဖို့ လုပ်နေကြတာပေါ့နော်။ ရွေးကောက်ခံ အစိုးရ ဖြစ်သွားရင်တော့ ဥပမာအားဖြင့် ဦးက ကျွမ်းကျင်တာကတော့ ဂျပန်နဲ့ တရုတ်ကို ပိုကျွမ်း ကျင်တယ်။ သူတို့ရဲ့ Government တွေ ဝင်ဖို့က အဲဒီ sector ကြီးကို စောင့်နေတာ။ အဲဒါပြီးသွားရင်တော့ ဝင်ချ လာမှာပေါ့နော်” ဟု ပြောသည်။

ထို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ၅ နှစ် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် သီလဝါ အထူးစီးပွားရေးဇုန် နည်းတူ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့တွင်လည်း ရင်းနှီးမြှုပ်နှံမည့် သူများကို ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် အခွန်ကင်းလွတ်ခွင့်ပေးသင့်သည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့် မူဝါဒများချမှတ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အမြောက်အများ ဖန်တီးပေးနိုင်သည့် အထည်ချုပ် နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုစေ လို ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။