CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၃၁

အတင်းအကြပ် အလုပ်ခိုင်း စေခံခဲ့ရခြင်း ရှိ/မရှိ ဆုံးဖြတ်ရန်အတွက် ထိုင်းနိုင်ငံ၏ ရဲတပ်ဖွဲ့နှင့်အလုပ်သမားရေးရာ အရာရှိများက မဲဆောက်မြို့ရှိ စက်ရုံတစ်ရုံမှ ဝန်ထမ်းဟောင်း ၁၀၀ ကျော်ကို ရှာဖွေနေသည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ထိုစက်ရုံသည် ဗြိတိန်ရှိ Tesco အတွက် အဝတ်အထည်များ ချုပ်လုပ်ပေးသော စက်ရုံဖြစ်သည်။ VK အထည် ချုပ်စက်ရုံ (VKG) သည် တက်ခ် (Tak) ခရိုင်တွင် တည်ရှိသည်။

ယင်းကို ဒီဇင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး ဆူရာချိတ် ဟက်ပန်း (Surachate Hakparn) ဦးဆောင်၍ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် အာဏာပိုင်များက အချက်အလက်များ စုဆောင်းနေခြင်း ဖြစ်သည်။

မဲဆောက်ရှိ Tesco စက်ရုံအတွင်းက လုပ်ငန်းလည်ပတ်မှုကိုတွေ့ရစဉ် (GETTY IMAGES)

ဗြိတိန်သတင်းစာ တစ်စောင်ဖြစ်သည့် The Guardian တွင် Tesco အတွက် F&F ဂျင်းများ ထုတ်လုပ်ပေးနေသော ထိုစက်ရုံတွင် မြန်မာဝန်ထမ်းများကို ပိတ်လှောင်ထားသည်ဟု ဖော်ပြခဲ့ပြီးနောက် အာဏာပိုင်များက ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

စက်ရုံ၏ စိတ်ပျက်စရာ အခြေအနေများအတွင်း တစ်ပတ်လျှင် ၉၉ နာရီ အလုပ်လုပ်ရကာ တစ်ရက်ကို ဘတ် ၁၂၀ ထက် နည်းသော လစာကိုသာ ရရှိခဲ့သည်ဟု အလုပ်သမားများက သတင်းစာကို ပြောခဲ့သည်။ ယင်းက အနိမ့်ဆုံး လုပ်ခလစာ၏ သုံးပုံတစ်ပုံ နီးပါးသာ ရှိသည်။

ထိုင်းအလုပ်သမားရေးရာနှင့် ကာကွယ်ရေးဌာနမှ တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်များက မဲဆောက်ရှိ လူဝင်မှု ကြီးကြပ်ရေး အဆောက်အဦတွင် ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၈ ရက်)က စက်ရုံဝန်ထမ်းဟောင်းများကို အင်တာဗျူး ပြုလုပ်ခဲ့သည်။

Tesco ကုမ္ပဏီသည် ဗြိတိန်တွင်လည်း တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည်။ VKG ဝန်ထမ်း ၁၃၀ က ကုမ္ပဏီကို တရား စွဲဆိုထားမှုအပြင် စက်ရုံ၏ အဆောင်တွင် နေထိုင်သော မိခင်အလုပ်သွားခိုက် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး အဓမ္မကျင့်ခံရသည့် အမှုကိုလည်း ရင်ဆိုင်နေရသည်ဟု The Gurdian သတင်းတွင် ဖော်ပြထားသည်။

မဲဆောက်ရှိ Tesco ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသူများက Tesco ကို လျစ်လှူရှုမှု၊ မတရားကြီးပွား ချမ်းသာလာမှုတို့ဖြင့် တရားစွဲဆိုထားသည်။ တရား စွဲဆို ထားသော ဝန်ထမ်းများသည် Tesco ၏ ထိုင်းလက်ခွဲများတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အလုပ်လုပ်ခဲ့ သူများဖြစ်သည်။

ထိုအချိန်မှစ၍ Tesco ကုမ္ပဏီသည် Charoen Pokphand အုပ်စုသို့ ရောင်းချခြင်းခံခဲ့ရပြီး ယင်းက Lotus’s ဟု အမည် ပြောင်းလဲထားသည်။

Tesco သည် စက်ရုံအတွင်းမှ အခြေအနေများနှင့် တိုက်ရိုက် ပတ်သက်နေခြင် မရှိသော်လည်း စွပ်စွဲချက်များသည် မယုံနိုင်လောက်အောင် ပြင်းထန်နေကြောင်း၊ အဆိုပါ အတိုင်း မှန်ကန်နေပါက ထိုင်းဘက်မှ ထောက်ပံ့ပေးသည့် စက်ရုံနှင့် အဆက်အဆံများ အားလုံးကို ချက်ချင်း ရပ်ဆိုင်းလိုက်မည်ဟု ထုတ်ပြန်ထားသည်။

Source: Bangkok Post