CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

ထိုင်းနိုင်ငံတွင် ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ ဟိုတယ်ခရီးသွားလုပ်ငန်းများရှိ လုပ်သားများအား တစ်နေ့ အနိမ့်ဆုံးအခြေခံ လုပ်ခလစာကို ဘတ် ၄၀၀ အဖြစ် တိုးပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြ ထားသည်။

ထိုင်းတွင် ဒုတိယအကြိမ်အဖြစ် လုပ်ခလစာ တိုးမြှင့်ပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဆွေးနွေးနေ ကြခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ လုပ်ငန်းအားလုံးနီးပါး၌ လုပ်ခလစာတိုးမည်ဟု ယူဆထားကြခြင်းဖြစ်သည်။

သို့သော် ယခုဖော်ပြချက်များအရ ဟိုတယ်ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသူများကိုသာ တိုးပေးမည်ဖြစ်သည့် အပြင် ခရိုင် ၁၀ ခုမှ နေရာဒေသအချို့၌သာ တိုးမည်ဖြစ်သောကြောင့် လုပ်သားအားလုံး မလွှမ်းခြုံနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသူများသည် ယခင်ကတည်းက အခြားလုပ်ငန်းထက် လုပ်ခလစာ ပိုများပြီးသား ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအစိုးရ လုပ်ခလစာတိုးမြှင့်ပေးမည့်အစီအစဉ်ကိုတွေ့ရစဉ်

၎င်းက “ပြည်နယ်ရဲ့ မြို့နယ်မှာကိုမှ အဲဒီမြို့နယ်ထဲမှာရှိတဲ့ sub state (ပြည်နယ်ခွဲ) တွေပေါ့ အဲဒီလို တစ်ခုတည်း သူကတိုးတာ။ သူတို့တွေက တကယ့်တကယ်ကြတော့ လစာက ပိုရပြီးသား။ အနိမ့်ဆုံးကို တစ်သောင်းခွဲ အထက် (ဘတ်ငွေ) မှာ လစာက ရထားပြီးသား။ သူတို့က နှစ်သောင်း၊ သုံးသောင်း။ ဗမာလည်း ရတာပဲ။ ဒါပေမယ့် သူ့ရဲ့ နေရာတို့၊ ရာထူးတို့အပေါ် မူတည်ပြီ‌တော့ အနည်း၊အများ ကွာသွားတာပေါ့လေ။ သို့သော် သူတို့က ဘာ အားနည်း ချက် ပြန်ရှိလဲဆိုတော့ no season လို့ခေါ်တဲ့ ၄ လပိုင်း နောက်ပိုင်းပေါ့။ အထူးသဖြင့်ကတော့ သင်္ကြန် နောက်ပိုင်း ၅ လပိုင်း အဲဒီနောက်ပိုင်းတွေဆို ဒီလုပ်ငန်းတွေက နိုင်ငံခြားသားတွေက မရှိတော့ဘူးလေ ပြန်ကြတာပေါ့။ အဲဒီကာလမှာ သူတို့အလုပ်တွေ ပြုတ်ကျတယ်။ နားကြတာ၊ ရပ်ကြတာပေါ့။ အဲဒီလို အခါတွေမှာ  ကြတော့လည်း သူတို့မှာ ဟိုဟာဖြစ်သွားပြန်ရော တခြားအလုပ်တွေနဲ့မတူဘူး။ တခြားအလုပ်တွေ ကြတော့ ၁၂ လလုံးရှိတာကို။ ဟိုတယ်လုပ်ငန်းကြတော့ မဖြစ်မနေ Tourism လေးတွေပဲ ကျန်တယ်။ အများစုက အဲဒီအချိန်မှာ ပြုတ်ကျတာ အဲဒါကြောင့်လည်း ပါရင်ပါမှာပေါ့နော်” ဟု ပြောသည်။

ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဖြစ်သော ဟိုတယ်လုပ်ငန်း အမျိုးအစား ကြယ် ၄ ပွင့်နှင့်အထက်၊ အလုပ်သမား အယောက် ၅၀ သို့မဟုတ် ၅၀ နှင့်အထက်ရှိသည့် လုပ်ငန်းများတွင် အခြေခံအနိမ့်ဆုံး လုပ်အားခ တစ်ရက် ဘတ် ၄၀၀ အဖြစ် သတ်မှတ်ပေးရမည် ဖြစ်သည်။

ထိုသို့ သတ်မှတ်လိုက်သည့် နေရာဒေသများမှာ ဘန်ကောက်မြို့ရှိ ဝပ်ထနာနှင့် ပထုံဝမ်၊ ချွန်ဘုရီခရိုင်ရှိ ဖထ္တယာ ဒေသ၊ ချင်းမိုင်ခရိုင်ရှိ ချင်းမိုင်မြို့အတွင်း၊ ပကျွတ်ခီရီခန်ခရိုင်ရှိ ဟိုဟင်မြို့အတွင်း၊ ကဘီခရိုင်ရှိ နေရာဒေသ အချို့၊ ဖန်ငါခရိုင်ရှိ ခွိုတ်ခတ်မြို့အတွင်း၊ ဖူးခက်ခရိုင်၊ ရယောင်ခရိုင်ရှိ ဘန်းဖဲမြို့နယ်၊ စုံခလာခရိုင် ဟတ်ယိုင် မြို့အတွင်း၊ စုရာဇ်ဌာနီခရိုင် ကော့စမွီမြို့နယ်တို့ရှိ ဟိုတယ်လုပ်ငန်းများသာ ပါဝင်ခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

သို့သော်လည်း အဆိုပါဒေသများရှိ ဟိုတယ်အချို့က လစာတိုးပေးမှုကို ကန့်ကွက်ခဲ့ကြပြီး တိုးမြှင့်စရိတ်များကို ခံနိုင်ရည်ရှိရန် အဆင်သင့် မဖြစ်သေးကြောင်း တုန့်ပြန်ခဲ့ကြသည်ဟု Thai PBS သတင်းတွင် ဖော်ပြထားသည်။

ထိုင်းရှိ ဟိုတယ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အများအပြားရှိပြီး စာချုပ်စာတမ်း ဖြင့် တရားဝင် လုပ်ကိုင်သူများ ရှိသကဲ့သို့ စာချုပ်စာတမ်း မရှိဘဲ လုပ်ကိုင်နေသူများလည်းရှိ၍ အကုန်လုံး အကျုံးဝင်ရန်မှာ ခက်ခဲကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

ထို့အပြင် အစိုးရမှ လုပ်ခတိုးမြှင့် သတ်မှတ်ပေးသော်လည်း အလုပ်ရှင်သူဋ္ဌေးများမှ လုပ်ခအပြည့်အဝ မပေးသူများ လည်းရှိကြောင်း IBECSWO လူမှုကူညီရေးအသင်းအဖွဲ့မှာ ဘဏ္ဍာရေးဆိုင်ရာ စာရင်းစစ်ချုပ် မဇ္စျိမ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့သူဋ္ဌေးတွေကြတော့ အပြည့်အဝ ပေးကြတယ်။ ဘတ် မရိုက်ထားဘူးဆိုရင် ထိုင်းမှာနေထိုင်ခွင့် စာရွက်စာတမ်း ဘာမှမရှိဘူးဆိုရင်တော့ တော်တော် နည်းနည်း အခက်အခဲကြုံတယ်။ ဘာကြောင့်ဆိုတော့ တချို့ သူဋ္ဌေးတွေလည်း ခေါ်လို့မရဲဘူးလေ။ 

အထောက်အထားတွေ မပြည့်စုံဘူးဆိုရင် ဘယ်သူမှ မခေါ်ရဲဘူးလေ။ မြန်မာနိုင်ငံသားတွေကလည်း ဝင်လာတာ များတယ်ဆိုတော့ သူဋ္ဌေးတွေ အထူးသဖြင့် ပန်းရံသမားတွေ စီးပွားရေး ကျနေတဲ့ ပုံစံမျိုးရှိပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၅ သန်းနှင့်အထက် ရှိနိုင်ပြီး အများစုသည် စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေးနှင့် ပင်လယ်စာ လုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကြသည်။

ထို့ကြောင့် အခြေခံလုပ်ခလစာ နှုန်းထားများ ထပ်မံတိုးမြှင့်ပေးရန် ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ ဆက်တိုက် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။