CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

လက်ရှိ ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေးကန်များတွင် ငါးများ အစုလိုက် အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု ငါးမွေးမြူရေး လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။

နေအပူရှိန်ကြောင့် ငါးမွေးကန်များတွင် ရေများပျက်စီးခြင်းနှင့် ငါးများ ရောဂါဖြစ်ပွားခြင်းကို ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ငါးမွေးမြူရေးကန်များ အားလုံးနီးပါး ကြုံတွေ့နေရသည်ဟု သိရသည်။

ရေပျက်စီးခြင်းနှင့် ငါးများ ရောဂါဖြစ်ပွားခြင်းကြောင့် တစ်နေ့လျှင် ငါးအကောင်ရေ ၄၀ မှ ၅၀၀ အထိ သေဆုံး လျက်ရှိနေပြီး ငါးမွေးမြူသူများ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးစန်းငွေက CNI သတင်းဌာနသို့ ပြောသည်။

ငါးမွေးမြူရေးကန်များကို တွေ့ရစဉ်

၎င်းက “အပူရှိန်ကြောင့် ငါးတွေမှာ ရောဂါဖြစ်တာတွေ၊ ရေတွေ ပျက်စီးပြီးတော့ သေတာတို့ အဲဒီလိုမျိုးတွေ ရှိတာ ပေါ့။ တော်တော်များများမှာ ဖြစ်ကြတာ။ ၁၂ လလုံး ရေပြောင်းလို့ရတဲ့ နေရာဆို နည်းနည်းတော်တယ်။ ရေ လွယ်လွယ်ကူကူ ထည့်လို့မရတဲ့ နေရာဆို ပိုဆိုးတာပေါ့။ ငါးသေရင် တစ်ခါတည်း သေပြီဆိုရင် တောက်လျောက် ရောဂါဝင်ပြီး အများကြီးသေတာ။ တချို့ဆို မဖြစ်မနေ ဖမ်းလိုက်ရတာမျိုးတွေလည်း ရှိတာပေါ့နော် ရတဲ့ဈေးနဲ့ပေါ့ နော်။ အဲဒီတော့ အရှုံးနဲ့ ရင်ဆိုင်ကြရတာ။ ဒီကာလကြီးက ဘယ်လိုဖြစ်လဲဆိုတော့ မွေးမြူရေးသမားတွေက မကိုက်ဘူးလေ။ အစာဈေးက မြင့်တယ်၊ ငါးဈေးက နိမ့်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျတော့ တွက်ခြေမကိုက်ဘူး ပေါ့။ ပြောရရင်တော့ တချို့ဆိုရင် ငါးသေတယ်၊ ရောဂါကြောင့် သေတာရှိတယ်။ ရေပျက်လို့ သေတာရှိတယ်။ တစ်နေ့ကို တခါတည်း အကောင် ၄၀၀/၅၀၀ သေတာမျိုးရှိသလို တစ်နေ့ကို အကောင် ၄၀/၅၀ တစ်စုတည်း သေတဲ့ကန်တွေလည်း ရှိတာပေါ့နော်။ အဲဒီလိုရှိတဲ့အခါကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ နာတာတော့ မိအေးနှစ်ခါ နာပေါ့။ အစာဖိုးလည်း ဆုံးရှုံးတယ်၊ ငါးလည်း ဈေးမရဘူး။ သေတဲ့ငါးကျတော့လည်း ရောင်းလို့အဆင်မပြေ ဘူးလေ။ အဲဒီလိုမျိုးတော့ ရှိတာပေါ့။ နေအပူရှိန်ကြောင့်တော့ ထိခိုက်မှု ရှိတယ်လို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။

လက်ရှိ အပူရှိန်ကြောင့် ငါးများသေဆုံးရခြင်းသည် ယခုနှစ်တွင် အဆိုးရွားဆုံးနှစ် ဖြစ်သည်ဟု ငါးမွေးမြူသူများက ပြောသည်။

ယခုနှစ် နွေရာသီအစ မတ်လဆန်းပိုင်းမှ စတင်၍ ငါးများ သေဆုံးခဲ့ခြင်းဖြစ်ပြီး ငါးနှစ်အတွင်း အဆိုးရွားဆုံးနှစ် ဖြစ်သည်ဟု ဓနုဖြူမြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးသိန်းအေးက CNI သတင်းဌာနသို့ ပြောသည်။

ငါးမွေးမြူရေးကန်များကို တွေ့ရစဉ်

၎င်းက “အရင်နှစ်တွေကလည်း ဖြစ်ခဲ့ဖူးပေမယ့်လို့ ဒီနှစ်လောက် မဆိုးဘူး။ ဒီနှစ်က တော်တော်များများကို ဖြစ်ကြတယ်။ အဲဒါလည်း ရာသီဥတုကြောင့် ဖြစ်တဲ့သဘောပေါ့နော်။ ဦးဆိုလို့ရှိရင် ၅ နှစ်လုံးလုံးကို ၁ ကောင်မှ မသေခဲ့ဘူး။ ဒီနှစ် အခု စသေနေတာ လုပ်ရင်းနဲ့ ကြည့်ရင်းနဲ့ပေါ့နော် အခု တစ်နေ့ကို အကောင် ၄၀-၅၀ လောက် သေနေတယ်။ ဘယ်လက စဖြစ်လဲဆိုတော့ ၃ လပိုင်း ၁၅ ရက်နေ့လောက် စဖြစ်တယ်။ တချို့ကလည်း ၃ လပိုင်း အစလောက်မှာ ဖြစ်ကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးကန် ဧကပေါင်း တစ်သိန်းကျော်တွင် ငါးမွေးမြူ ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင် ၄၀၀၀ ကျော်မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

နေအပူရှိန်ကြောင့် ရေများ ပျက်စီးခြင်းနှင့် ငါးများ ရောဂါဖြစ်ပွားပြီး သေဆုံးခြင်းများကို ကာကွယ်နိုင်ရန် မွေးမြူရေးဦးစီးဌာနမှ တောင်သူများအတွက် နည်းပညာအကူအညီ ပေးစေလိုကြောင်း၊ ထို့နောက် ဆုံးရှုံးမှု ဖြစ်ပေါ်နေသည့် မွေးမြူရေးလုပ်ငန်းများအတွက် အစာကုန်ကျစရိတ်နှင့် ညီမျှသည့် ဈေးကွက်ကို ဖော်ဆောင် ပေးရန် လိုအပ်သည်ဟု မွေးမြူရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။