CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

ထိုင်းအတိုက်အခံပါတီဖြစ်သည့် Move Forward ပါတီ (MFP) ကို ဖျက်သိမ်းရေး ကြားနာစစ်ဆေးရန် ဆောင်ရွက် နေသဖြင့် ၎င်းပါတီ ဖျက်သိမ်းခံရပါက မြန်မာရွှေ့ပြောင်းလုပ်သားအရေး အပေါ် ရိုက်ခတ်မှုရှိနိုင်ကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

Move Forward ပါတီသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလကတည်းက ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ အချက်အလက် ကောက်ယူမှုများပြုလုပ်ခဲ့သဖြင့် ပါတီ ဖျက်သိမ်းခံရပါက လွှတ်တော်ထဲတွင် တောင်းဆို၊ အတိုက်အခံ ပြုလုပ်ပေးမည့် ပါတီတစ်ခု လျော့သွားနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“Move Forward Party က သူက ပိုပြိးတော့ အင်အားကြီးတယ်။ သူမရှိဘူးဆိုရင် ကျ‌နော်တို့အတွက် အားတော့ လျော့တာပေါ့။ တော်တော်လေးကို ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ပတ်သက်ပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးက လျော့ပါးသွားတာပေါ့။ ရိုက်ခတ်မှုကတော့ရှိမှာပဲ ကျနော်တို့အတွက်။ ဥပမာ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေမှာ ဆိုလို့ရှိရင် အတိုက်အခံ တောင်းဆို၊ ငြင်းခုံမယ့် လွှတ်တော်ထဲမှာပေါ့ ပါတီမရှိဘူးဆိုရင် ရသင့် ရထိုက်တဲ့ တစ်စိတ်တစ်ပိုင်းတွေမှာ လျော့သွားမှာပေါ့။ တက်လာတဲ့အစိုးရတိုင်းက သူတို့မူဝါဒ အမျိုးမျိုးတွေ၊ ရွှေ့ပြောင်းအလုပ်သမားမူဝါဒအပါအဝင် စီးပွားရေး စသဖြင့် မူဝါဒတွေ ရှိထားပြီးသား။ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ဆိုရင် ဒီ Move Forward ပါတီနဲ့လက်တွဲပြီးတော့မှ ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို သေချာကို တလေးတစား အချက်အလက်တွေ ယူတယ်၊ လိုအပ်ချက်တွေ ပြဿနာတွေ သူတို့ သေချာမှတ်တမ်း ယူပြီး ဒီဟာနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့ မူဝါဒဖြစ်အောင် လုပ်မယ်ဆိုပြီး သူတို့အစိုးရတက်လာရင် လုပ်ထားတာ ဆိုတော့ ကျန်တဲ့ပါတီတွေပေါ့ ဒီအပိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ပတ်သက်ပြီး ဒီလောက်ကြီး မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

 MFP ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်က ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့စဉ်

Move Forward Party ကဲ့သို့ အခြားအတိုက်အခံပါတီများ ကျန်ရှိနေသေးသော်လည်း အတိုက်အခံပါတီ အများ အပြားရှိပါက ပို၍ကောင်းမွန်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ပြကြသည်။

Move Forward Party ၏ ပြောရေးဆိုခွင့်ရှိသူက ပါတီသည် ဖျက်သိမ်းခံရလိမ့်မည်ဟု ကောက်ချက် မချရန်နှင့် မိမိတို့၏ တရားရေးအဖွဲ့သည် ပါတီ၏ အပြစ်ကင်းစင်မှုကို သက်သေပြပြီး ပါတီအား ကာကွယ်သွားမည်ဟု ပြောဆိုထားသည်။

ထို့အပြင် ၎င်းအမှုသည် အလွန်အရေးကြီးပြီး ပါတီ၏ အနာဂတ်အတွက်သာမက အနာဂတ်တွင် ထိုင်းနိုင်ငံရေး လောကအတွက်ပါ သာဓကတစ်ခုဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

အကယ်၍ Move Forward Party ဖျက်သိမ်းခံရပါက လွှတ်တော်ထဲတွင် ၎င်းတို့၏ လွှတ်တော်အမတ်များမှာ တစ်သီးပုဂ္ဂလအနေဖြင့် ရွှေ့ပြောင်းလုပ်သားများအရေးကို တောင်းဆို၊ အတိုက်အခံ ဆက်လက် လုပ်ဆောင်သွား နိုင်သော်လည်း ပါတီမရှိတော့သည့်အတွက် အားကောင်းမည်မဟုတ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“တစ်ပိုင်းကတော့ ပါတီကိုတော့ ဖျက်သိမ်းလိုက်မယ်၊ ပါတီရဲ့ လွှတ်တော်အမတ်တွေအနေနဲ့ကတော့ တစ်သီး ပုဂ္ဂလအနေနဲ့ ကျန်ခဲ့မှာပေါ့။ ကွာခြားချက်က အများကြီးရှိနိုင်တာပေါ့။ ဥပမာ ပါတီတစ်ခုအောက်မှာ ဆွေးနွေးရတဲ့ အခါကြတော့ သူတို့မှာ teamwork လည်း ကောင်းတယ်လေ။ သို့သော်လည်း မဟာဗျူဟာအရ ပါတီမရှိပေမယ့် လွှတ်တော်ကာလ သက်တမ်းတစ်လျှောက်မှာ သူတို့လွှတ်တော်အမတ်အနေနဲ့ ပါတီတစ်ခုရှိရင်တော့ သူတို့ကို နေရာပေးမယ်၊ ဆွေးနွေးခွင့်ပေးမယ်၊ လွတ်လပ်ခွင့်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ 
သို့သော်လည်း ပါတီတစ်ခုကို ဖျက်သိမ်းလိုက်တဲ့အခါကြတော့ Move Forward Party ပေါ်မှာ မျှော်မှန်းထားကြတဲ့ ထိုင်းပြည်သူ တွေရော၊ ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်နေတဲ့သူတွေရော စိတ်မကောင်းဘူးပဲ ပြောလို့ရမှာပေါ့။ ဒါ သူတို့နိုင်ငံရဲ့ ပြဿနာဆိုတော့” ဟု ၎င်းက ပြောသည်။

ထိုင်းရွေးကောက်ပွဲကော်မရှင်သည် Move Forward Party နှင့် Move Forward Party ခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ် (Pita Limjaroenrat) တို့အား စည်းမျဉ်းခံဘုရင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ပါတီဖျ က်သိမ်းရန် တိုင်ကြားစာအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ရန် တညီတညွတ်တည်း သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။

Move Forward Party သည် ဘုရင်ကို ထိခိုက်စေသည့် ပြောဆိုမှုများအတွက် အရေးယူလေ့ရှိသော ဥပဒေ များအား ပြင်ဆင်ရန်၊ ထိုင်းစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ လက်ဝါးကြီးအုပ်မှုများအား ပြုပြင် ပြောင်းလဲရန် ကတိပြုခဲ့ပြီး ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်ရွေးကောက်ပွဲနောက်ပိုင်း ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကြိုးပမ်းမှုများတွင် ဝိုင်းပယ်ခံခဲ့ရသကဲ့သို့ နိုင်ငံရေးနှင့် ဥပဒေကြောင်းအရ ပြဿနာများဖြင့် ရင်ဆိုင်နေခဲ့ရခြင်းဖြစ်သည်။