CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

သင်္ကြန်ရုံးပိတ်ရက် ကာလအတွက် အဝေးပြေးကားလက်မှတ် ကြိုတင်ရောင်းချရာတွင် အွန်လိုင်းဖြင့် ကြိုတင် ဘိုကင်တင်၍ မရခြင်းနှင့် ပိတ်ရက်နီးမှသာ လက်မှတ်များကို ရောင်းချပေးမည် ဖြစ်သည့်အတွက် လက်ရှိတွင် ကြိုတင်လက်မှတ် ရောင်းချရမှုသည် နည်းပါးနေသေးကြောင်း လက်မှတ်အရောင်းဌာနများထံမှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက် ကာလအတွက် လက်မှတ်များကို လက်ရှိတွင် ယာဉ်လိုင်းအများစုသည် သင်္ကြန်ရုံးပိတ်ရက် နီးကပ်မှသာ ကြိုတင်ဘိုကင် ရောင်းချမည်ဖြစ်သလို လူကိုယ်တိုင် လာရောက်မှသာလျှင် ကြိုတင်ရောင်းချပေး မည်ဖြစ်၍ ဘိုကင်တင်သူနှင့် လက်မှတ် ဝယ်ယူသူ နည်းပါးနေကြောင်း သိရသည်။ 
လက်ရှိတွင် ဧပြီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များအတွက်သာ ကြိုတင်ဘိုကင် ရောင်းချနေသေးကြောင်း အောင်ကျော်မိုးကားယာဉ်လိုင်းမှ ကိုရဲရင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘိုကင်ကတော့ ဒီရက်ပိုင်း ဘယ်လိုလာမလဲတော့ မသိတာ။ တချို့ကတော့ ကြိုတင်ရောင်းတယ်၊ တချို့ ကျတော့ ကြိုတင်မရောင်းဘူး။ အလုပ်တွေ တော်တော်များများက ၁၂ ရက်မှ ပိတ်မှာလေ။ မနှစ်က သင်္ကြန်က တော့ စောစောပိတ်တာပေါ့လေ။ ဒီနှစ်သင်္ကြန်ကတော့ နည်းနည်းနောက်ကျတယ်။ အခုလက်ရှိကတော့ ၉၊ ၁၀ ပဲ ရောင်းသေးတယ်။ ကိုယ်တိုင်လာတော့မှ ရောင်းတာ တော်တော်များများက” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ရုံးပိတ်ရက် ကာလများတွင် ရန်ကုန်မှတဆင့် တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ ပြန်ကြမည့်သူများသည် ကားလက်မှတ် ကြိုတင်ဝယ်ယူမှုများ ရှိသော်လည်း ယခုနှစ်တွင် ကားခဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

အဝေးပြေးကားလက်မှတ် အရောင်းဌာနကို တွေ့ရစဉ်

ထို့အပြင် ခရီးသွားမည့်သူများအနေဖြင့် မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာများကို တစ်ပါတည်း ယူဆောင်လာရန် ယာဉ်လိုင်းများက ကြိုတင်အသိပေးထားခြင်းများကြောင့်လည်း ကြိုတင် လက်မှတ် ဝယ်ယူရန်အတွက် စုံစမ်းမေးမြန်းမှုများသာ ရှိနေသည်ဟု အောင်ဆန်းကွင်းကားဂိတ်မှ ရွှေကမ္ဘာ ကားဂိတ် တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အောင်မင်္ဂလာဘက်ကို မေးကြည့်တာ တချို့လိုင်းတွေကျတော့လည်း တစ်ခါတည်း ဘိုကင်တွေဘာတွေ မပေးဘဲနဲ့ တစ်ခါတည်း လာဖြတ်မှ၊ မှတ်ပုံတင်၊ ထောက်ခံစာပါမှ ရောင်းလိုက်တဲ့ အခြေအနေမျိုးတွေ ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ နှိုင်းယှဉ်ရင်တော့ အခုက သုညပဲ။ မနှစ်ကနဲ့ဆိုရင်တော့ ပိုဆိုးပေါ့။ အစ်ကိုတို့ဘက်ကျတော့ မြို့ထဲဘက်ကျတော့ လက်မှတ်က အဝယ်မရှိသလောက် ပါးတယ်။ မေးတာတော့ ရှိတယ်၊ တစ်ယောက်စ၊ နှစ်ယောက်စတော့ ရှိတယ်။ ဒါပေမယ့် လက်မှတ် အရောင်းပါးတယ်။ အစုံပေါ့ လက်မှတ်ခတွေ ဈေးကြီးသွားတာ လည်း ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးလည်း ဖြစ်နိုင်တယ်။ ပြီးတော့ သွားရလာရတာတွေမှာ ထောက်ခံစာတွေ ဘာညာ နဲ့ အဲဒါတွေ ခက်ခဲတာလည်း ဖြစ်နိုင်တယ်။ အရမ်းဈေးကြီးလားဆိုတော့ အစ်ကိုတို့ဆို ၃ သောင်းခွဲပေါ့။ ၃ သောင်းခွဲက အများနည်းတူဆိုရင်တော့ ၃ သောင်းခွဲပေါ့။ အရင်နှစ်တွေ ထက်စာရင် ဈေးများသွားတာပေါ့။ ယာဉ် လိုင်းတော်တော်များများလည်း ဒီအချိန်လေးမှာ ခရီးသွားတဲ့အချိန် အားထားရတာဆိုတော့ တချို့ ဘိုကင်တွေ ဘာတွေတင်ပြီး cancel ဖြစ်တာတို့ ဘာတို့ အဲဒါမျိုးတွေရှိတော့ ဖုန်းနဲ့လှမ်းမေးရင်တော့ လက်မှတ်က ကုန်ပြီ အဲဒီလိုမျိုးလေးတွေ ဖြေလိုက်တာမျိုး ရှိတယ်။ ဒါပေမယ့် တကယ်တမ်း ဂိတ်မှာသွားဝယ်တဲ့ အခါမျိုးတွေကျ ရတာတွေလည်း ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ရုံးပိတ်ရက်များတွင် နေရပ်ပြန်သူများအနေဖြင့် ကြိုတင် ပြန်၍ရသော်လည်း ယခုနှစ် သင်္ကြန်ရုံး ပိတ်ရက်သည် သင်္ကြန်အကြိုနေ့မှသာ စတင်မည်ဖြစ်သည့်အတွက် နေရပ်ပြန်မည့် သူများသည် ပိတ်ရက်နီးကပ်မှ သာ စု၍ပြန်ကြမည့်သဘော ရှိနေကြောင်း ယာဉ်လိုင်းများက ပြောသည်။

ထို့ကြောင့် ခရီးသည်နှင့် ကားအစီးရေ မလုံလောက်သည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်မှ မော်လမြိုင်ကျွန်းသို့ ပြေးဆွဲနေသည့် မိုးစတား အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးမှ ကိုဇော်ကြီးက CNI သတင်းဌာနသို့ ပြောသည်။    

အဝေးပြေးကားလက်မှတ် အရောင်းဌာနကို တွေ့ရစဉ်

၎င်းက “သင်္ကြန်ပိတ်ရက် ပုံစံကလည်း အရင်တုန်းကဆိုရင် စနေ၊ တနင်္ဂနွေ ခံပြီးတော့မှ ပိတ်တာပေါ့နော်။ ဒီနှစ် က သောကြာပြီးတာနဲ့ သင်္ကြန်ပိတ်ရက် စတာဆိုတော့ စုပြန်မယ့် အနေအထားရှိတော့ လတ်တလောမှာ မေးနေ တာ သင်္ကြန်ပြန်ဖို့ မေးနေကြတာတော့ ရှိတယ်။ ပိတ်ရက်က အဲဒီ ၁ ရက် ၂ ရက်အတွင်း စုပြန်ကြမယ့်သဘော တော့ ရှိတယ်။ ဒီနှစ်ကျတော့ ကျနော်ထင်တယ် ၁၂၊ ၁၃ မှာ စုပြန်ကြလိမ့်မယ်လို့ ထင်တယ်။ ကားလိုင်း တော်တော်များများကလည်း သူတို့ကားရှိသလောက်ပဲ ထွက်နိုင်မှာ။ အခုလိုမျိုး တစ်ရက်တည်း ပြန်တဲ့အခါကျ တော့ ကားလောက်မယ် မလောက်ဘူးဆိုတာ သိပ်မပြောနိုင်ဘူး။ အဲဒီလိုမျိုးတော့ ခန့်မှန်းမိတယ်ပေါ့နော်” ဟု ပြောသည်။

သင်္ကြန်ကာလအတွက် အဝေးပြေးယာဉ်များ ပြေးဆွဲမှုသည် ဧပြီလ ၁၂ ရက်နေ့အထိသာ ယာဉ်လိုင်းအားလုံး ပြေးဆွဲပေးမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ရက် ကာလအတွင်း ယာဉ်လိုင်းအများစု ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ သင်္ကြန်ကာလ ကားလက်မှတ် များအား ဈေးတင်မရောင်းရန် ယာဉ်လိုင်းအသီးသီးကို ပြီးခဲ့သည့်လအတွင်းက ညွှန်ကြားထားသည်။

သို့သော်လည်း ရုံးပိတ်ရက်ကိုသာ အဓိက အားထားနေရခြင်းနှင့် စက်သုံးဆီ ဈေးနှုန်းများကြောင့် ယခုနှစ် လက်မှတ်ခ နှုန်းထားများသည် ယခင်နှစ်များထက် အနည်းငယ်ဈေးပို၍ ရောင်းချကြမည်ဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။