CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

နှစ်စဉ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့နေ ပြည်သူများသည် သင်္ကြန်ရေပက်ခံ ကား များဖြင့် ရေပက်ခံ ထွက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရေပက်ခံထွက်ရန်အတွက် မော်တော်ကား ငှားရမ်းမှုများ မရှိသလောက် ဖြစ်နေသည်ဟု ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် သင်္ကြန်ပွဲတော်ကာလ ရောက်ရှိရန်အတွက် ၂ ပတ်ခန့်သာ လိုတော့သော်လည်း ရေပက်ခံရန်အတွက် ငှားရမ်းမှုတချို့ ရှိသော်လည်း ရရှိသည့် ဈေးနှုန်းနည်းပါးခြင်းကြောင့် အဆင်မပြေကြောင်း Light truck ကား အငှားဝန်ဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးအညာသားက CNI သတင်းဌာနသို့ ပြောသည်။

ဦးအညာသားက “ရေပက်ခံကတော့ သပ်သပ်တော့ ငှားထားတာ မရှိဘူးဗျ။ ပြည်သူ့ရင်ပြင်ထဲမှာ မဏ္ဍပ်တွေ ဆောက်ထားတာရှိတော့ အဲဒီမဏ္ဍပ်တွေထဲမှာ ကျနော်တို့ကို ပတ်ပေးဖို့နော် မနက် ၉ နာရီကနေ ညနေ ၅ နာရီ လောက် အဲဒီလိုမျိုး ပတ်ချာလည် လှည့်ပေးဖို့ပေါ့ ဘယ်မှမသွားရဘူး၊ အဲဒီလိုမျိုးတော့ ငှားထားတာ ရှိတယ်။ ပြည်သူ့ရင်ပြင်မှာ ငှားထားတယ်ဆိုတာလည်း ကျနော်တို့က မထည့်ပါဘူး။ အဆင်မပြေပါဘူးခင်ဗျ။ အဆင်မပြေ ဘူးဆိုတာက သူတို့ကပေါ့နော် ကျနော်တို့ ကားလောကအတိုင်း ပြောမယ်ဆိုရင်တော့ ခွက်ပြေးပေါ့နော် တကယ့် မဖြစ်နိုင်တဲ့ဈေး သောင်းဂဏန်းလောက်ပဲ ပြောတာ မဖြစ်နိုင်ဘူး အဲလိုမျိုးပေါ့။ အဆင်မပြေပါဘူး မတည့်ပါဘူး။ ငှားတာလည်း ကျနော်တို့ဆီမှာ သင်္ကြန်ပက်ခံနဲ့ ပတ်သက်ပြီး အဲဒီ ၁ ဦးပဲ ငှားတာရှိသေးတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လမ်းလျှောက်သင်္ကြန် ၂ ခုနှင့် မြို့နယ် ၄၅ မြို့နယ်တွင် ရေကစားမဏ္ဍပ်များ ဆောက်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန် ကျင်းပရေးကော်မတီမှ ပြောထားသည်။

သင်္ကြန်ဖျော်ဖြေနေကြစဉ်

လက်ရှိတွင် မြို့တော်ခန်းမရှေ့ မဏ္ဍပ်တစ်ခုနှင့် ပြည်သူ့ရင်ပြင်တွင် ဆောက်လုပ်နေသည့် မဏ္ဍပ်တို့သာ ရှိသေး ကြောင်း၊ တခြားသော မြို့နယ်များတွင် မဏ္ဍပ်ဆောက်လုပ်နေမှုများကို မတွေ့ရသေးကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်အတွက် ကားဖြင့် ရေပက်ခံရန် ကားငှားရမ်းမှုသည် အနည်းငယ်သာရှိပြီး ကမ်းခြေဒေသနှင့် တခြားသော ဒေသများသို့ ခရီးထွက်ကြရန် ငှားရမ်းမှုသာလျှင် ပို၍များသည်ဟု ကားအငှားလုပ်ငန်းလုပ်သည့် ကိုဘီလားက CNI သတင်းဌာနသို့ ပြောသည်။

ကိုဘီလားက “သင်္ကြန်လည်တဲ့ သူတွေကလည်း မရှိသလောက်ကို ဖြစ်နေတာ။ တချို့တွေကြတော့ လာငှားတယ် မလိုက်တာ။ လက်ရှိ ပေါက်ဈေးကို မပေးတော့ မလိုက်ကြတာလည်း ရှိတယ်။ တချို့ကျတော့ ကားကိုမလိုက်တာ၊ သင်္ကြန်တွင်း ကားကို မထွက်တဲ့ ပုံစံမျိုးတွေလည်း ရှိတယ်။ ခရီးသွားဖို့ အတွက်ကတော့ ငှားတယ် ချောင်းသာ ဘက်ပေါ့။ နယ်ဝေး အဲလိုပဲ သွားတာများတယ် နယ်ဘက်ကို” ဟု ပြောသည်။

ပြီးခဲ့သည့် ကိုဗစ်ကာလ မတိုင်ခင် သင်္ကြန်ကာလက ကားဖြင့် ရေပက်ခံရန်အတွက် ကားငှားရမ်းခ ဈေးနှုန်းများ သည် ၁ ရက်လျှင် ၁ သိန်းခွဲမှ ၂ သိန်းကျပ်အထိရှိကြောင်း၊ လက်ရှိတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ယခင်ကထက် ဈေးနှုန်းပို၍များမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်မတိုင်ခင် ကာလတွင် သင်္ကြန်ကာလ ကားဖြင့် ရေပက်ခံရန်အတွက် ၁ လကြိုတင်၍ ကားငှားရမ်းကြသော် လည်း လက်ရှိတွင် ငှားရမ်းသူ မရှိသေးကြောင်း ကားအငှားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

သင်္ကြန်ရေပက်ခံနေကြစဉ်

၎င်းက “အရင်နှစ်တွေကဆို တစ်လလောက်ကတည်းက ကြိုငှားကြတာ။ သင်္ကြန်နားနီးလို့ ရက်၂၀ လောက်၊ ၁၅ ရက်လောက်ဆို မရကြတော့ဘူး၊ မရှိကြတော့ဘူး။ တော်တော်ရှားသွားပြီ အဲဒီလိုမျိုးဆိုရင်။ နည်းနည်းပါးပါး ကံကောင်းမှရတယ် အဲဒီသင်္ကြန်ရက် အကြိုနေ့ကစပြီးတော့။ တချို့ကျတော့ ကျနော်တို့ အဲဒီရက်တွေကျတော့ ချောင်းသာတို့ နယ်ဘက်တွေ ပို့ရတာရှိတယ် သင်္ကြန်မတိုင်ခင်။ အဲဒီအခါကျမှ တစ်ခါတည်း သင်္ကြန်ကို ဆက်ဆွဲ။ အခုနှစ်ကတော့ ရှိတော့ရှိတယ်ဗျ ဘယ်လိုရှိတုန်းဆိုတော့ လူတွေက ချောင်းသာ၊ ငွေဆောင် အဲဒီလောက်ပဲ တော် တော်များများ ငှားတယ်။ ဒါပေမယ့် အရင်လို ကားပြည့်တော့ အကုန်မပြည့်ကြဘူး” ဟု ပြောသည်။

ကိုဗစ်ကာလ မတိုင်ခင်က ရန်ကုန်မြို့အတွင်း ရေကစားမဏ္ဍပ်များကို ပြည်လမ်းပေါ်ရှိ အင်းလျားကန်နှင့် ပြည် လမ်း တစ်လျောက်၊ ဝေဇယန္တာလမ်း၊ မြို့တွင်းတွင် မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်း တစ်လျောက်တွင် တည် ဆောက်ထားသည့်အတွက် ကားဖြင့် ရေပက်ခံထွက်သူများကို စည်ကားစွာ တွေ့ရသည်။

ထို့နောက် ကိုဗစ်ဖြစ်ပွားမှုကြောင့် လူစုလူဝေးဖြင့် ကျင်းပရသည့် ပွဲတော်များကို နိုင်ငံတစ်ဝှမ်း တားမြစ်ခဲ့ခြင်း ကြောင့် သင်္ကြန်ပွဲတော်လည်း ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း၊ နိုင်ငံရေး အခင်းအကျင်းကြောင့်လည်း သင်္ကြန် ပွဲတော်သည် စည်ကားမှု မရှိခဲ့ပေ။