CNI International News

စီယူဒတ် ဂျူအာရတ်ဇ်၊ မတ်လ ၂၉

မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်ရှိ စီယူဒတ်ဂျူအာရတ်ဇ် (Ciudad Juarez) မြို့မှ ရွှေ့ပြောင်း နေထိုင်သူများ ဆိုင်ရာစင်တာ တစ်ခုတွင် မီးလောင်မှုကြောင့် အနည်းဆုံးလူ ၃၉ ဦး သေဆုံးခဲ့ရသည်ဟု အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြသည်။

မြို့၏ လမ်းမများပေါ်မှ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုတစ်စုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာ အမျိုးသားအဖွဲ့ (INM) ရုံးတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်း သို့မဟုတ် သေဆုံးသူများသည် မည်သည့်နိုင်ငံမှ ဖြစ်သည်ဟု INM ဘက်မှ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း မီးလောင်မှုကြောင့် နောက်ထပ် ၂၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်ရပ်ကို INM ဘက်မှ စုံစမ်းစစ်ဆေးလျက် ရှိသည်။ သေဆုံးသူများ၏ အနည်းဆုံး ၂၈ ဦးသည် ဂွာတီမာလာ နိုင်ငံသားများ ဖြစ်သည်ဟု ဂွာတီမာလာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က နောက်ပိုင်းတွင် အတည်ပြုပေးသည်။

သိရှိရသလောက် မီးလောင်မှုဖြစ်ချိန်တွင် အဆောက်အဦးအတွင်း၌ အမေရိကန်အလယ်ပိုင်းနှင့် ဗင်နီဇွဲလားတို့မှ ရွှေ့ပြောင်းနေထိုင်သူများ ရှိနေသည်ဟု သိရကြောင်း၊ သေဆုံးသူများ၏ အမည်နှင့် မည်သည့် နိုင်ငံသားဖြစ်သည် ကို တိတိကျကျ မသိရသေးကြောင်းလည်း မက္ကဆီကိုသမ္မတ အန်ဒရေ မန်နျူရယ် လိုပတ်ဇ် အိုဘရီဒေါ် (Andres Manuel Lopez Obrador) က ပြောသည်။

မီးလောင်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများကိုတွေ့ရစဉ်

မီးလောင်မှုသည် ဆန္ဒပြမှုနှင့် သက်ဆိုင်မှု ရှိမည်ဟု ယူဆကြောင်း၊ ရွှေ့ပြောင်း နေထိုင်သူများသည် ၎င်းတို့အား နေရပ်သို့ ပြန်လည် လွှဲပြောင်းပေးမည်ကို သိရှိပြီးနောက် အဆောင်တွင်းမှ မွေ့ယာများကို စုပုံ မီးရှို့ဆန္ဒပြခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် ဆန္ဒပြမှုမှ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာမည်ဟု မျှော်လင့်ခဲ့ပုံ မရကြောင်း လည်း သမ္မတက ဆက်လက် ပြောဆိုခဲ့သည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်မိသည်ဟုလည်း သမ္မတ၏ လက်ထောက်ဖြစ်သူ အန်ဒရီ ယာ ချာဗတ်ဇ် (Andrea Chavez) က ပြောသည်။

မီးငြိမ်းသွားချိန်တွင် သေဆုံးသူများ၏ အလောင်းအိတ်များကို စီတန်းထားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြသည်။

စင်တာတွင် ရှိသူအများစုမှ ဗင်နီဇွဲလားမှ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

 မီးလောင်သွားသည့် စင်တာကိုတွေ့ရစဉ်

ည ၁၀ နာရီဝန်းကျင် ခင်ပွန်း သည်ကို စောင့်နေစဉ် မီးခိုးများ ထွက်လာသည်ကို မြင်တွေ့ရကြောင်း၊ ခင်ပွန်းသည် လည်း တာဝန်ရှိသူများ၏ ထိန်းသိမ်းခြင်းခံခဲ့ရကြောင်း၊ ကိုယ့်ကိုယ်ကိုလည်း ရေလောင်းခြင်းဖြင့် အသက်ဘေးမှ လွတ်မြောက်လာခဲ့ကြောင်း စင်တာတွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် ရွှေ့ပြောင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ယခု မီးလောင်မှုသည် ပြီးခဲ့သည့် နှစ်များအတွင်း မက္ကဆီကို ဖြစ်ခဲ့ဖူးသမျှ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

မက္ကဆီကိုနှင့် အမေရိကန် နယ်စပ်တွင် နယ်စပ်ဖြတ်ကျော်မှု စံချိန်တင် မြင့်တက်လျက်ရှိပြီး ယခုနှစ် အစောပိုင်းတွင် ဘိုင်ဒန်အစိုးရသည် ရွှေ့ပြောင်း နေထိုင်သူများ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို တားဆီးရေး အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။

Source: CNN