CNI International News

မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၂၉ 

အမေရိကန်နှင့် မက္ကဆီကို ထိပ်သီးအရာရှိများသည် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာသည့် အရေးကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် တိုးတက်ဖြစ်ထွန်းမှုများ ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှု များပြား လာသည့် အခြေအနေသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)အတွက် ခေါင်းခဲစရာ အခြေအနေတစ်ခု ဖြစ်နေသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် ခရစ္စမတ်ကာလ သီတင်းပတ် အတွင်း မက္ကဆီကိုနိုင်ငံသို့ သွားရောက်ခဲ့သည်။ 

ဒီမိုကရက်တစ်သမ္မတ ဘိုင်ဒန်၏ ပြိုင်ဘက် အမေရိကန်၏ ရီပတ်ဘလစ်ကန်ပါတီက ရွှေ့ပြောင်းနေထိုင်သူများ အရေးကို နှိမ်နင်းရန် အလေးထား ပြောဆိုနေပြီး အပြန်အလှန်အနေဖြင့် ဘိုင်ဒန်၏ ယူကရိန်းအတွက် အကူအညီ ပေးရေး အစီအစဉ်ကို သဘောတူမည်ဟု ဖိအားပေးနေချိန်တွင် ဘလင်ကင်၏ မက္ကဆီကို ခရီးစဉ် ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်က ဘိုင်ဒန်သည် မက္ကဆီကိုသမ္မတ အန်ဒရီ မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) နှင့် တယ်လီဖုန်းဖြင့် စကားပြောကြားခဲ့ပြီးနောက် ဘလင်ကင်သည် အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ် (Alejandro Mayorkas) နှင့်အတူ မက္ကဆီကိုနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

လိုပက်ဇ် အိုဘရာဒေါကမူ အမေရိကန်နှင့် မက္ကဆီကို ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် အဓိက သဘောတူညီချက်များ ရရှိခဲ့ကြောင်း ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့သည်။

အမေရိကန်ဘက်ကလည်း မက္ကဆီကို ခေါင်းဆောင်များ အနေဖြင့် လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရေး အပါအဝင် အစီအစဉ်သစ်များ ချမှတ်လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ မက္ကစီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါကို တွေ့ရစဉ်

အမေရိကန်အစိုးရအနေဖြင့် ရွှေ့ပြောင်း နေထိုင်သူများနှင့်ပတ်သက်ပြီး နေ့စဉ်နှင့်အမျှ တည်ငြိမ်မှုမရှိသည့် အနေအထားကို ကောက်ချက်ချမည် မဟုတ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လည်း မက္ကဆီကိုနိုင်ငံနှင့်အတူ ရွှေ့ပြောင်း နေထိုင်သူများအရေးကို အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းနေထိုင်သူများ သည် တစ်ရက်လျှင် ၁၀,၀၀၀ နီးပါးရှိပြီး ထိုပမာဏသည် COVID-19 ကပ်ရောဂါမဖြစ်ပွားမီ အချိန်ကထက် နှစ်ဆ နီးပါး မြင့်တက်ခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်