CNI International News

မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၄

နေ့စဉ်နှင့်အမျှ အမေရိကန်နယ်စပ်သို့ ဦးတည်သွားရောက်နေသည့် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်သည် ၁၀၀၀၀ ခန့်ရှိသည်ဟု မက္ကဆီကိုသမ္မတ အန်ဒရီ မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) က ပြောကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ကျူးဘားနှင့်  ဗင်နီဇွဲလားကဲ့သို့ နိုင်ငံများအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ထိုကဲ့သို့ ရွှေ့ပြောင်းများ အလုံးအရင်းအလိုက် ဝင်လာခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကို သမ္မတ အိုဘရာဒေါက ပြစ်တင် ပြောကြားခဲ့သည်။

မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂွာတီမာလာနိုင်ငံမှ မက္ကဆီကို နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာခဲ့သူ ပေါင်းသည် တစ်နေ့လျှင် ၆၀၀၀၀ ခန့်ရှိသဖြင့် အမေရိကန်နှင့် ထိစပ်နေသည့် မက္ကဆီကို၏ မြောက်ပိုင်းနယ်စပ် ဒေသသို့ ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာခဲ့သည်ဟု အိုဘရာဒေါက ပြောသည်။

ရွှေ့ပြောင်းအများစုသည် ပနားမားနိုင်ငံနှင့် ကိုလံဘီယာ အကြားရှိ တောတောင်ထူထပ်သည့်  Darien Gap ဒေသကို ဖြတ်သန်း လာခဲ့သူများဖြစ်သည်ဟု မက္ကဆီကို သမ္မတက ပြောသည်။

ဗင်နီဇွဲလားနှင့် ကျူးဘားကဲ့သို့ နိုင်ငံများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုများသည် ရွှေ့ပြောင်းနေထိုင်သူ ပြဿနာကို ဖြစ်စေခဲ့သည်ဟု ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) က ဝေဖန်ခဲ့သည်။

မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရစဉ်

ထို့နောက် ယခုအခါမှာတော့ မက္ကဆီကို သမ္မတ အိုဘရာဒေါ၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနှင့် ကျူးဘား အစိုးရများအား ဒီမိုကရေစီကို ဖိနှိပ်မှုဖြင့် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ထိုပိတ်ဆို့မှုများသည် အယူဝါဒရေးရာ မတူကွဲလွဲမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ မတူကွဲပြားမှု ကိစ္စရပ်များ ကြောင့်ဖြစ်ပြီး ပိတ်ဆို့မှုများသည် ထိုအရေးကိစ္စများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း အိုဘရာဒေါက ပြောကြားခဲ့သည်။

Source: အေပီ