CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အောက်တိုဘာ ၃ ရက်က အခြားကမ္ဘာ့အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များကို စုစည်းပြီး ရုရှားကို တိုက်ခိုက်နေသည့် ယူကရိန်းအား ဆက်လက်ထောက်ပံ့ရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန် အောက်လွှတ်တော်၏ ရီပတ်ဘလစ်ကန်များအကြား ယူကရိန်းအား ငွေကြေး ထောက်ပံ့မှုများနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပွားနေမှုနှင့်အတူ အနာဂတ်တွင် ယူကရိန်းအတွက် အမေရိကန်၏ အထောက်အပံ့သည် ရေရာသေချာမှု မရှိဖြစ်နေချိန်သည်။

ထိုသို့ မရေရာမသေချာ ဖြစ်နေချိန်မှာပဲ ဘိုင်ဒန်၏ ယူကရိန်းကို ဆက်လက် ထောက်ပံ့ပေးရန် မဟာမိတ်များကို တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်က ဦးဆောင်စီမံခဲ့သည့် ဖုန်းခေါ်ဆိုမှုတွင် ကနေဒါနှင့် ဂျပန် ခေါင်းဆောင်များအပြင် ဥရောပရှိ အဓိက မဟာမိတ်နိုင်ငံများမှ ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။

 

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်

အမေရိကန် လွှတ်တော်သည် အစိုးရအဖွဲ့ယန္တရားကို ဆက်လက် လည်ပတ်နိုင်ရန် ကာလတို ဘတ်ဂျက် သဘော တူညီချက်ကို ဘိုင်ဒန်ထံ ပေးပို့ခဲ့ပြီး ဘိုင်က ထိုသဘောတူညီချက်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ထိုသဘောတူညီချက်ထဲတွင် ယူကရိန်းစစ်ပွဲအတွက် ဒေါ်လာဘီလျံနှင့်ချီသည့် ရန်ပုံငွေ ထောက်ပံ့ရေး အစီအစဉ်ကို ချန်လှပ်ခဲ့သည်။

အမေရိကန်က ဦးဆောင်ပြုလုပ်ခဲ့သည့် ထိုဖုန်းခေါ်ဆိုမှုတွင် ပါဝင်သည့် နိုင်ငံအားလုံးက ယူကရိန်းအပေါ် ထားရှိ သော ၎င်းတို့၏ ထောက်ပံ့မှုများသည် အပြောင်းအလဲ မရှိကြောင်းနှင့် ယူကရိန်းအပေါ် အမေရိကန်၏ ထောက်ပံ့မှု ကို သံသယမရှိကြောင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

သို့သော် လွှတ်တော်အနေနှင့် ယူကရိန်းအတွက် ကူညီထောက်ပံ့မှုများကို ရပ်တန့်ခြင်း မရှိစေရန် လုပ်ဆောင် ရမည်ဖြစ်ကြောင်းနှင့် လစ်ဟင်းမှု တစ်စုံတစ်ရာ ရှိခဲ့မည်ဆိုပါက ထိုအခြေအနေကို ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က အမြတ်ထုတ်သွားနိုင်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၃ ရက်တွင် သတိပေးခဲ့ သည်။

အိမ်ဖြူတော်၏ အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကို တွေ့ရစဉ်

"အချိန်က ကျနော်တို့ဘက်မှာ မရှိပါဘူး။ ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ လစ်ဟင်းသွားမယ် ဆိုရင် အဲဒါဟာ ပူတင်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု အိမ်ဖြူတော်၏ အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

လက်ရှိ လွှတ်တော်က အတည်ပြုပေးခဲ့သည့် အမေရိကန်၏ အကူအညီသည်  ယူကရိန်းအတွက် လာမည့် သီတင်းပတ် အနည်းငယ် သို့မဟုတ် လအနည်းငယ်အတွက်သာ လုံလောက်မှု ရှိနေသည်ဟု စစ်မြေပြင်မှ အခြေအနေများအရ ခန်းမှန်းသိရှိရကြောင်း ကာဘီက ပြောသည်။

အမေရိကန်အစိုးရအတွက် ကာလတို ဘတ်ဂျက် သဘောတူညီချက်တွင် သြဂုတ်လကုန်ပိုင်းက ယူကရိန်းအတွက် ဘိုင်ဒန်က တောင်းဆိုထားသည့် ဒေါ်လာဘီလျံချီသော စစ်ရေး အကူအညီများကို လျစ်လျူရှုခဲ့သည်။

ထို့ကြောင့် အနာဂတ်တွင် ယူကရိန်းအတွက် အမေရိကန်၏ ကူညီထောက်ပံ့မှု အလားအလာသည် သေချာရေရာမှု မရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ 

Source: အေပီ