CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၇

အမေရိကန်လွှတ်တော်တွင် ယူကရိန်းအား အကူအညီပေးရေးအစီအစဉ် နှောင့်နှေးကြန့်ကြာနေမှု၊ ယူကရိန်း၏ လက်နက်ခဲယမ်းများ ပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေရချိန်တွင် ညွန့်ပေါင်းမဟာမိတ်များက ယူကရိန်းကို တစ်နှစ် အတွင်း ဒရုန်းအစင်းရေး ၁ သန်း ပေးပို့သွားမည်ဟု ကတိပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

“လတ်တလော အရေးကြီးတဲ့ တာဝန်က ယူကရိန်းကို မရှိမဖြစ်လိုအပ်တဲ့ နည်းပညာတွေ ထောက်ပံ့ပေးဖို့ ဖြစ်ပါ တယ်။ အထူးသဖြင့် အခုလို လက်နက်ခဲယမ်းတွေ ပြတ်လပ်နေတဲ့ အချိန်မျိုးမှာဆိုရင်ပေါ့”ဟု လစ်ဗီးယား ကာကွယ်ရေးဝန်ကြီး အန်းဒရစ် စပရပ်ဒ်စ် (Andris Spruds) က ဖေဖော်ဝါရီ ၁၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့သည်။

လစ်ဗီးယားနိုင်ငံ ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် အုပ်စုသည် ရုရှားက ယူကရိန်းကို ဝင်ရောက် ကျူးကျော်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သော ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ယူကရိန်းကို ဒရုန်းများ ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်။

ရုရှား၏ ကျူးကျော်မှုသည် ယူကရိန်းနှင့် ရုရှားအကြား ဖြစ်ပွားသည့် ပဋိပက္ခတစ်ခုသာ မဟုတ်ဘဲ ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုလည်း ဖြစ်လာခဲ့သည်ဟု  စပရပ်ဒ်စ်က ပြောကြားခဲ့သည်။

လစ်ဗီးယား ကာကွယ်ရေးဝန်ကြီး အန်းဒရစ် စပရပ်ဒ်စ်ကို တွေ့ရစဉ်

ဥရောပသမဂ္ဂ (အီးယူ)သည် မတ်လတွင် ယူကရိန်းကို လက်နက်ကြီးကျည်ဆံ ၁ သန်း ထောက်ပံ့ပေးမည့် အစီအစဉ်ကို လအနည်းငယ် ရွှေ့ဆိုင်းခဲ့ပြီးနောက် ဗြိတိန်၊ ဂျာမနီနှင့် နယ်သာလန်သည် လစ်ဗီးယား ဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ ကတိစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရုရှားသည် ပြီးခဲ့သည့်နှစ်က လက်နက်ခဲယမ်း ထုတ်လုပ်မှုကို မြှင့်တင်ခဲ့ပြီးနောက် ယူကရိန်းထက် လက်နက်ကြီး ကျည် သုံးဆမှ လေးဆခန့် ပိုမိုများပြားခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်က လက်နက်ကြီးကျည် အတောင့် ၆၀၀,၀၀၀ ထုတ်လုပ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် လက်နက်ကြီးကျည် ၄ သန်းခန့် ထုတ်လုပ်ခဲ့သည်ဟု အက်စတိုးနီးယား ပြည်ပထောက်လှမ်းရေးအဖွဲ့က ယခု သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) သည် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်ပတွင် အလို အလျောက် တိုက်ခိုက်ရေး စနစ်များနှင့် ဒရုန်းတိုက်ခိုက်ရေး အစီအစဉ်များကို စီမံကွပ်ကွဲရန်အတွက် စစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆိုစကီး (Oleksandr Syrskyi) ကို ၎င်း၏ လက်ထောက်အဖြစ် ခန့်အပ်ခဲ့သည်။

ဇာလန်းစကီးနှင့် ဆိုစကီးတို့သည် ထိုတိုက်ခိုက်ရေး အစီအစဉ်များကို ဦးစားပေး လုပ်ဆောင်ရမည့် အစီအစဉ်များ အဖြစ် သတ်မှတ်ထားသည်။

Source: ဘန်ကောက်ပို့စ်