CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇

အိန္ဒိယနိုင်ငံမြောက်ပိုင်း ကျေးလက်ဒေသများမှ လယ်သမားများသည် ၎င်းတို့ ကြုံတွေ့နေရသည့် နစ်နာချက် အများအပြားကို ဆန့်ကျင်ဆန္ဒပြရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်က အဝေးပြေးလမ်းမများကို ပိတ်ဆို့ခဲ့သည်။

ထို့နောက် သောင်းနှင့်ချီသော လယ်သမားများသည် လယ်ထွန်စက်များ၊ လှည်းများဖြင့် အန္ဒိယ၏ မြို့တော် နယူးဒေလီ (New Delhi)သို့ ချီတက်ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အိန္ဒိယမြောက်ပိုင်း ပြည်နယ်များဖြစ်သည့် ဟာယာနာ (Haryana) နှင့် ပန်ဂျပ် (Punjab) ပြည်နယ်တို့တွင် လယယ်သမားများသည် အဝေးပြေးလမ်းမများပေါ်တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို အလုပ်သမားသမဂ္ဂ များက အားပေးဝန်းရံခဲ့ကြသည်။ 

အာဏာပိုင်များကမူ ပိတ်ဆို့ထားသည့် လမ်းများကို ရှောင်ရှားပြီး ဂရုတစိုက် သွားလာကြရန် ခရီးသွားပြည်သူများ ကို ညွှန်ကြားထားသည်။

ဆန္ဒပြသူများ ဖြိုခွင်းခံနေရစဉ်

ယခုသီတင်းပတ် အစောပိုင်းမှစပြီး သောင်းနှင့်ချီသည့် လယ်သမားများသည် ၎င်းတို့၏ ကောက်ပဲသီးနှံ စျေးနှုန်း များကို အာမခံချက်ပေးရန် အစိုးရကို တောင်းဆိုသည့် အနေဖြင့် နယူးဒေလီမြို့တော်သို့ ချီတက်လာခဲ့ကြသော် လည်း ၎င်းတို့ကို နယူးဒေလီမြို့တော်သို့ မရောက်မီ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာတွင် ရဲတပ်ဖွဲ့က ဟန့်တား ခဲ့သည်။

ထို့နောက် လယ်သမားများသည် ပန်ဂျပ်နှင့် ဟာယာနာပြည်နယ် နယ်စပ်တွင် ယာယီတဲများထိုးကာ စုရုံးဆန္ဒပြခဲ့ ကြပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့သည်။

အာဏာပိုင်များက ဟာယာနာပြည်နယ်၏ အချို့နေရာ ဒေသများတွင် မိုဘိုင်း အင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး ဆန္ဒပြခေါင်းဆောင်အချို့၏ လူမှုမီဒီယာ အကောင့်များကို ပိတ်ပင်ခဲ့ကာ ဆန္ဒပြသူများ အပေါ်သို့ ဒရုန်းများဖြင့် မျက်ရည်ယို ဗုံးများ ကြဲချခဲ့သည်။

ဆန္ဒပြသူများကို တွေ့ရစဉ်

ဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) သည် လယ်သမားများ၏ အလားတူ ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး နောက် နှစ်နှစ်အကြာတွင် ယခု ဆန္ဒပြမှုများပေါ် ပေါက်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က လယ်သမားများသည် နယူးဒေလီမြို့တော် ဆင်ခြေဖုံး ရပ်ကွက်များတွင် တဲများထိုးပြီး စိုက်ပျိုးရေး ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ထိုဥပေဒကို အစိုးရက ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုတွင် လယ်သမားများက လယ်ယာထွက် ကောက်ပဲသီးနှံအားလုံး၏ စျေးနှုန်းကို ကာကွယ်ပေးမည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရန် တောင်းဆိုနေခြင်းဖြစ်သည်။

Source: အေပီ