CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကူအညီတောင်း၍ စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့နှင့် နာဂလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် NSCN-K/AM နှင့် NSCN-K/YA တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း နီးစပ်သူများထံမှ သိရသည်။

နမခသည် ခန္တီးဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ နာဂလူမျိုး အငြိမ်းစား ဒုဗိုလ်မှူးကြီး ရိုဆန်ဂျူးနှင့် နာဂရိုးရာ ယဉ်ကျေးမှုဗဟိုအဖွဲ့မှ တာဝန်ရှိသူများကို အကူအညီတောင်း၍ စေလွှတ်ကာ NSCN-K/AM နှင့် NSCN-K/YA  အဖွဲ့တို့အား သွားရောက် တွေ့ဆုံပြီး နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြသည်။

နာဂလက်နက်ကိုင် ၂ ဖွဲ့လုံးဖြင့် နီးစပ်သူတစ်ဦးက “ တွေ့ဆုံ ဆွေးနွေးတာ မှန်ပါတယ်။ အန်းမိုင်ရဲ့ NSCN-K/AM အဖွဲ့ ကိုယ်စားလှယ်နဲ့ ခန္တီးမှာ တွေ့ပြီး ဆွေးနွေးကြတယ်။ အသေးစိတ် သဘောတူညီချက်တွေတော့ မရသေးဘူး။ အဓိက ပြည်သူ့စစ်ဖွဲ့စည်းရေးကို ဆွေးနွေးတယ်။ ယုံးအောင်ရဲ့ NSCN-K/YA နဲ့က သက်သက် ဆွေးနွေးကြ တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အန်းမိုင် ဦးဆောင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နမခ၏ အကူအညီ တောင်းခံမှုကြောင့် ရိုဆန်ဂျူး၊ နာဂရိုးရာအဖွဲ့မှ ကိုယ်စားလှယ်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နေ့က ခန္တီးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် တပ်မတော်ဘက်က နယ်မြေတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းရန်၊ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး NSCN-K/AM ဘက်က လည်း မူဝါဒအရ လက်ခံကြောင်းနှင့် မည်သည့် ဒေသများကို လှုပ်ရှားအုပ်ချုပ်ခွင့်ပေးမလဲ ပြန်လည် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

နာဂလက်နက်ကိုင်များအပြင် နာဂရိုးရာယဉ်းကျေးမှုဗဟိုကော်မတီနှင့် နီးစပ်သူတစ်ဦးကတော့ NSCN-K/AM နှင့် ဆွေးနွေးမှုက အပြုသဘောဆောင်ကြောင်း၊ အသေးစိတ်များကို နောက်တစ်ခေါက် ပြန်ဆွေးနွေးရန်လိုသေး ကြောင်း၊ NSCN-K/YA အဖွဲ့ကတော့ မလွယ်သေးကြောင်း CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ အန်းမိုင်ရဲ့ NSCN-K/AM က တပ်မတော်ဘက်က သဘောထားကို လက်ခံတယ်လို့ ကြားရတယ်။ ဒါပေမယ့် ယုံးအောင်ကတော့ သူတို့လက်မခံနိုင်ဘူးပေါ့။ ပြည်သူ့စစ်လုပ်မယ်ဆိုရင် သူတို့က တုန့်ပြန်မှုတွေ လုပ်ရလိမ့်မယ်လို့ ပြောတယ်။ တပ်မတော်နဲ့ နားလည်မှုအရ ဒီအတိုင်း နေထိုင်သွားလာလိုကြောင်းပဲ ပြောတယ်။ ဒါပေမယ့် သူတို့ ညှိတော့ ညှိနေတုန်းပဲ။ နောက်ဆုံး ဘာဖြစ်မလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရအုံးမယ်”ဟု ပြောသည်။

ဦးယုံးအောင် ဦးဆောင်သည့် NSCN-K/YA အဖွဲ့နှင့် တွေ့ဆုံမှုကိုတော့ ၎င်းတို့ရှိရာ စစ်စခန်းသို့ တပ်မတော်မှ စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့က သွားရောက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အန်းမိုင်နဲ့ လန်ညေးကို ထုတ်ပယ်လိုက်ကြောင်း NSCN-K/YA အဖွဲ့က ထုတ်ပြန်လာစဉ်

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို ၁၉၈၀ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ခေါင်းဆောင်များကြား သဘောထားများ ကွဲလွဲ၍ ၁၉၈၉ ခုနှစ်မှာ ဦးကပ္ပလန် ဦးဆောင်သည့်အဖွဲ့က NSCN-K အဖြစ် မြန်မာပြည်ဘက် မှာ အခြေချလှုပ်ရှားခဲ့ပြီး ဗွီးဗာနှင့်အိုက်ဇက်ရှီချီဆူ ဦးဆောင်သည့်အဖွဲ့က NSCN-IM အဖြစ် အိန္ဒိယဘက်မှာနေ ကာ လှုပ်ရှားခဲ့ကြသည်။

ထို့နောက် ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ် လမှာ NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သော်လည်း ထိုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ပြန်လည် ဖြုတ်ချ၍ ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ဦးခမ်းငေါ်သည် ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံရပြီးနောက် အိန္ဒိယဘက်သို့ သူ၏ တပ်ဖွဲ့ဝင် အနည်းငယ်ဖြင့် ထွက်သွား ပြီး ၂၀၂၀ ခုနှစ်မှာ အိန္ဒိယနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

ထို့နောက် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး နီကီဆူမီ၊ ဝန်ကြီး စတားဆွမ်၊ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ညမ်လန်တို့ ကိုလည်း ဦးယုံးအောင်က ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ NSCN-K/YA အဖွဲ့ကနေ ထုတ်ပယ်လိုက်၍ နီကီဆူမီ ဦးဆောင်သည့်အဖွဲ့က NSCN-K/NK ဆိုသော အဖွဲ့ကိုဖွဲ့စည်း၍  လှုပ်ရှားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက်သည်။

ENDA တပ်ဖွဲ့ကိုတွေ့ရစဉ်

အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အန်းမိုင်နှင့် လန်ညေးတို့ကို NSCN-K/YA အဖွဲ့ကနေ ဦးယုံးအောင်က ထုတ်ပယ်ခဲ့ပြီး အဖွဲ့သစ် ထူထောင်မှုကို ဖျက်သိမ်းပြီး လက်နက်ချရန် သတိပေး ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိမှာတော့ အန်းမိုင်သည် NSCN-K/AM အဖွဲ့ကို ထူထောင်၍ နာဂလူမျိုးများ လွတ်မြောက်ရေးအတွက် နာဂလက်နက်ကိုင်အဖွဲ့ အနေဖြင့် လှုပ်ရှားလျက်ရှိသည်။

အဆိုပါ အန်းမိုင် ဦးဆောင်သည့် NSCN-K/AM နှင့် ဦးယုံးအောင် ဦးဆောင်သော NSCN-K/YA အဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိသည်။

တခြားတစ်ဖက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်များဖြစ်ခဲ့ဖူးသူများနှင့် NSCN-K မှ ထုတ်ပယ်ခံလိုက်ရသော အောင်ဆိုင်းတို့ ဦးဆောင်၍ အရှေ့နာဂအမျိုသားအဖွဲ့အစည်း/ အရှေ့နာဂ ကာကွယ်ရေးတပ်မတော် (ENNO/ENDA)ကို KIA အကူအညီဖြင့် ဖွဲ့စည်းပြီး လှုပ်ရှားလျက်ရှိနေသည်။