CNI International News

မနီလာ၊ ဖေဖော်ဝါရီ ၁၆

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးကာပီယို (Sara Duterte-Carpio) သည် ၎င်း၏ဖခင်ဖြစ်သည့် သမ္မတ ဟောင်း ရိုဒရီဂိုဒူတာတေး (Rodrigo Duterte) နှင့် လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr.) တို့အကြား မကျေလည်မှုများကို ဖြေရှင်းရန် နည်းလမ်းရှာနေရသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက ဒူတာတေးသည် မားကို့စ်အား မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း စွပ်စွဲခဲ့ပြီး သမ္မတကို ဖယ်ရှား ရန် စစ်အာဏာသိမ်းမည့် အစီအစဉ်များအကြောင်းကို အရိပ်အမြွက် ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း ဒူတာတေးသည် ၎င်း၏ မွေးရပ်ဇာတိဖြစ်ပြီး ၎င်း၏ နိုင်ငံရေး ဩဇာ သက်ရောက်သည့် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအို (Mindanao) ပြည်နယ် ခွဲထွက်ရေးကို အဆိုပြုခဲ့ သည်။

မားကို့စ်ကမူ သူသည် မော်တော်ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားမှုကြောင့် ကျန်းမာရေး ပြန်လည် ကောင်းမွန် စေရန် ဘိန်းပါသည့် ဓာတုဆေးဝါးတစ်မျိုး သုံးစွဲနေမှုကို ဒူတာတေးက ရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ 

ဆာရာဒူတာတေးနဲ့ ဖခင်ဖြစ်သူ ဒူတာတေးကို တွေ့ရစဉ်

ထို့ပြင် မင်ဒါနာအိုပြည်နယ် ခွဲထွက်ရေးလှုပ်ရှားမှုများသည် အကြီးအကျယ် ကျရှုံးလိမ့်မည်ဟုလည်း မားကို့စ်က ပြောကြားခဲ့သည်။

အဆိုပါ ခွဲထွက်ရေး ကြိုးပမ်းမှုများကို အင်အားသုံးပြီး နှိမ်နင်းသွားမည်ဟု မားကို့စ်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က သတိပေးခဲ့သည်။

ထို့ကြောင့် ဒုတိယသမ္မတ ဆာရာဒူတာတေးသည် ဖခင်ဖြစ်သူ ဒူတာတေးနှင့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့ခဲ့သည့် သမ္မတမားကို့စ်အကြား နိုင်ငံရေးအကွဲအပြဲကြားတွင် ရောက်ရှိနေပြီး ချောင်ပိတ်မိနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဖိလစ်ပိုင် သမ္မတမားကို့စ်နဲ့ ဖိလစ်ပိုင် ဒုသမ္မတဆာရာဒူတာတေးကို တွေ့ရစဉ်

မကြာသေးမီကလည်း ဆာရာဒူတာတေးသည် ကွန်မြူနစ်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် ပြုလုပ်ရန်၊ ဖခင်ဖြစ်သူ ဒူတာတေး လက်ထက်က မူးယစ်စစ်ပွဲအကြောင်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အပါအဝင် အရေးကိစ္စအချို့တွင် မားကို့စ်နှင့် သဘောထားကွဲလွဲခဲ့သည်။

အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသည့် မားကို့စ် အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကြောင့် ဖိလစ်ပိုင်၏ ဩဇာအကြီးမားဆုံး နိုင်ငံရေးမိသားစုနှစ်ခုဖြစ်သည့် ဒူတာတေး မိသားစုနှင့် မားကို့စ် မိသားစုအကြား မဟာမိတ်ဆက်ဆံရေးတွင် အက်ကြောင်းထင်ခဲ့သည်။

မားကို့စ်ကမူ သူသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံကို ပြင်ဆင်လိုကြောင်း ပြောကြားခဲ့သော်လည်း ဒူတာတေးကမူ မားကို့စ်သည် နိုင်ငံ၏ လွှတ်တော်စနစ်ကို ပြင်ဆင်ပြီး ၎င်း၏ ညီဝမ်းကွဲ တော်စပ်သူ မာတင် ရိုမူယယ်ဒက်ဇ် (Martin Romualdez) ကို ၎င်းနေရာ ဆက်ခံစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

Source: အယ်လ်ဂျာဇီးယား