CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ မရှိတော့ဘူးလား သို့မဟုတ် ရှိသေးလားဆိုသည့်အပေါ် အားလုံးက မေးခွန်းထုတ်လျက်ရှိနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ် ချခဲ့ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့သည်။

 ထို့နောက် မြန်မာ့တပ်မတော်အား ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ ဒီမိုကရေစီအင်အားစုများက လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီပွားရေး အကျပ်အတည်းများ ရင်ဆိုင်နေရကာ လက်ရှိ ၃ နှစ်ကျော် ကြာလာသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

တော်လှန်ရေးအင်အားစုကို တွေ့ရစဉ်

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးမှာ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း များ၏ စိတ်ဆန္ဒအပေါ် မူတည်ကြောင်း၊ မိမိအကျိုး၊ အဖွဲ့အစည်းအကျိုးထက် နိုင်ငံ့အနာဂတ်ကို ဦးစားပေးသင့် ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတော့ ဖြေရှင်းဖို့ နည်းလမ်းဆိုတာလည်း အမှန်ကတော့ ပါဝင်သူအားလုံးရဲ့ စိတ်ဆန္ဒအပေါ်မှာ ဖြေရှင်းလိုတဲ့ ပြေလည်လိုတဲ့ စိတ်ဆန္ဒရှိမှ ဖြစ်မှာလေ၊ အဲဒီလို စိတ်မရှိကြဘူးဆိုရင်တော့ ဒီနိုင်ငံရေး အကျပ်အတည်းက ပြေလည်ဖို့ လမ်းမမြင်ဘူးပေါ့နော်၊ အဲဒီတော့ ပါဝင်သက်ဆိုင်တဲ့သူ အားလုံးက ကိုယ့်ရဲ့ ကိုယ်ပိုင်အကျိုး၊ ကိုယ်ပိုင်အဖွဲ့အစည်း အကျိုးထက် နိုင်ငံရဲ့ အနာဂတ်ပေါ့၊ နိုင်ငံဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ အနာဂတ်ကို ဦးစားပေး စဉ်းစားပြီးတော့ ဦးစားပေး စဉ်းစားတတ်တဲ့ စိတ်စေတနာရှိမှ ဒီနိုင်ငံက သက်သာမှာပေါ့၊ မဟုတ်လို့ ရှိရင်တော့ ကမ္ဘာ့အလယ်မှာ အဆိုးရွားဆုံး နိုင်ငံအနေနဲ့ ဖြစ်သွားနိုင်တယ်လေ၊ နိုင်ငံရေးအကျပ်အတည်း ဘာလို့ ဖြစ်လဲဆိုတော့ ခုနက အကျပ်အတည်းဖြစ်အောင် လုပ်နေတဲ့ အဖွဲ့အစည်းရှိလို့ပဲ၊ အကျပ်အတည်းကို ပြေလည်စေ လိုတဲ့ စိတ်ဆန္ဒရှိဖို့လိုတယ်” ဟု ပြောသည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု ရှည်ကြာလာခြင်းနှင့်အတူ အဖွဲ့အစည်း အသီးသီးတွင်လည်း လိုအပ်ချက်များ ရှိလာခြင်းကြောင့် တော်လှန်ရေး အင်အားစုများတွင် လူသစ်စုဆောင်းမှု ပိုမိုလုပ်ဆောင်လာသလို နစကအနေ ဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေများကို ယခု ဖေဖော်ဝါရီလအတွင်း အတည်ပြုခဲ့သည်။

ထို့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အနက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် မွန်ပြည်သစ်ပါတီ (NMSP) မှ ခေါင်းဆောင်အချို့  နှုတ်ထွက်ကာ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု အသီးသီးထုတ်ပြန်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

NCA လက်မှတ်ရေးထိုးစဉ်က ပါဝင်ခဲ့သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် အစရှိသဖြင့် အသိသက်သေအဖြစ် ပါဝင် ခဲ့ကြသော နိုင်ငံများအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကူညီရန် လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟုတ်ကဲ့ အားလုံးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ကတော့ ဆွေးနွေးဖို့လိုတာပေါ့၊ နောက်ပြီးတော့ ဒီ NCA လက်မှတ်ထိုးတုန်းက ပါဝင်တဲ့ သက်သေ အဖွဲ့အစည်း နိုင်ငံတွေကလည်း ဝိုင်းဝန်းပြီးတော့ ကျနော်တို့ ငြိမ်းချမ်းအောင်လုပ်ဖို့က အားလုံးတိုက်တွန်းဖို့ လိုတာပေါ့၊ ဝိုင်းဝန်းကူညီဖို့လိုတာပေါ့၊ ဒီငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းဖို့အတွက်ကတော့” ဟု ပြောသည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူလူထုများမှာ စားဝတ်နေရေး အကျပ်အတည်း၊ ငွေကြေး ဖောင်းပွမှုဒဏ်၊ လုံခြုံမှုမရှိသော အဝန်းအဝိုင်း၊ တိုက်ပွဲများကြောင့် အရပ်သားသေဆုံးရမှု၊ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ရမှု စသည့် အကျပ်အတည်းများ ကြုံတွေ့နေကြရသည်။

အဆိုပါ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီ အချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကြိုးပမ်းနေသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။