CNI International News

နယူးယောက်၊ ဖေဖော်ဝါရီ ၁၆

ရုရှားနိုင်ငံသည် အာကာသအတွင်း နျူကလီးယားလက်နက်များ ထားရှိရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေ သည်ဟု အမေရိကန်ထောက်လှမ်းရေး သတင်းများကို ကိုးကားပြီး ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အမေရိကန်အောက်လွှတ်တော်မှ ရီပတ်ဘလစ်ကန် အမတ်တစ်ဦးက အမျိုးအမည် မဖော်ပြထားသည့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုအတွက် လူသိရှင်ကြား သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ထိုအကြောင်းအရာနှင့် နီးစပ်သူများက ရုရှား၏အစီအစဉ်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ထောက်လှမ်းရေးက ထုတ်ပြန်ခဲ့သည့် ခြိမ်းခြောက်မှုသည် တည်ရှိနေခြင်း မရှိသေးဘဲ ရုရှားနိုင်ငံ ကလည်း အာကာသအတွင်း နျူကလီးယားလက်နက်များ ဖြန့်ကြက်ထားခြင်း မရှိသေးကြောင်း အမည်မဖော်လို သည့် အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ထိုသုံးသပ်ချက်များသည် အလွန်အရေးကြီးပြီး အမေရိကန်အရာရှိများကလည်း ထိုအကြောင်းအရာအပေါ် အရေးတကြီး လုပ်ဆောင်နေကြာင်း၊ လက်ရှိအချိန်အထိ အများပြည်သူဆိုင်ရာ သတိပေးနှိုးဆော်ချက် ထုတ်ပြန် ရန် မလိုသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်ကို တွေ့ရစဉ်

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန် (Jake Sullivan) ကလည်း သူသည် အမေရိကန်အောက်လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ တွေ့ဆုံရန်အတွက် ဖေဖော်ဝါရီ ၁၄ ရက်က အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ မိုက်တာနာ (Mike Turner) နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆူလေဗန်သည် အောက်လွှတ်တော် ခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးတွင် မည်သည့် အကြောင်း အရာများကို ဆွေးနွေးမည်ဆိုခြင်းကို အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

အိုဟိုင်းယိုး (Ohio) ပြည်နယ်၏ ရီပတ်ဘလစ်ကန် အမတ်တစ်ဦးကမူ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အနေနှင့် ထိုခြိမ်းခြောက်မှုနှင့် ဆက်နွှယ်သည့် သတင်းအချက်အလက် အားလုံးကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ပြီး ထုတ်ပြန်ရန် တိုက်တွန်းခဲ့သည်။

Source: ဘန်ကောက်ပို့စ်