CNI International News

မော်စကို၊ မတ်လ ၃၀

ရုရှားအနေဖြင့် ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ အမေရိကန်ဘက်ကို ယခင်တုန်းကလို သတင်းအချက်အလက် မျှဝေခြင်းများ လုပ်ဆောင်တော့မည် မဟုတ်ကြောင်း ရုရှားထိပ်တန်းအရာရှိ တစ်ဦးက ပြောသည်ဟု အေပီက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် နျူကလီးယား သဘောတူညီချက်မှ နှုတ်ထွက်သည်ဟု ရုရှားဘက်က ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်လက နျူကလီးယား သဘောတူညီချက်တွင် ပါဝင်မှုကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်းကြောင့် ရုရှားသည် အမေရိကန်နှင့် တစ်ခုတည်းသာ ကျန်တော့သော နျူကလီးယား သဘောတူညီချက်အတိုင်း သတင်း အချက်အလက်များ မျှဝေခြင်းကို လုပ်တော့မည် မဟုတ်ဟု ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရတ်ဘ်ကော့ဗ် (Ryabkov) က သတင်းဌာနများသို့ ပြောခဲ့သည်။

New START သဘောတူညီချက်အရ နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ နျူကလီးယား အင်အားများနှင့် ပတ်သက်၍ ခြောက်လတစ်ကြိမ် ပုံမှန် သတင်းထုတ်ပြန်မှု လုပ်ဆောင်ရပြီး သဘောတူညီချက်ပါ နိုင်ငံများသည် ၎င်းတို့၏ နျူကလီးယား လက်နက်များ စမ်းသပ် ပစ်လွှတ်ခြင်း၊ နေရာချထားခြင်းနှင့် ပတ်သက်၍ ကြိုတင် သတိပေး အကြောင်း ကြားရသည်။

ထိုသို့သော အကြောင်းကြားမှုများသည် မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် ဆယ်စုနှစ်ပေါင်းများစွာ မရှိမဖြစ် အရေးပါခဲ့ပြီး နှစ်နိုင်ငံကြားတွင် တခြားတစ်နိုင်ငံ၏ လုပ်ဆောင်ချက်များအပေါ် မှန်ကန်စွာ သိရှိစေကာ မည်သည့် နိုင်ငံတွင်မှ ဒုံးကျည်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အဓိပ္ပါယ်ကောက် လွဲမှားမှုမရှိစေရန် သေချာစေခဲ့ သည်။

ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရတ်ဘ်ကော့ဗ် (Ryabkov)ကိုတွေ့ရစဉ်

သဘောတူညီချက်ပါ သတင်းအချက်အလက်များ မျှဝေမှုကို ရပ်တန့်လိုက်ခြင်းက နျူကလီးယား လက်နက်တိုက် ကို အသုံးချပြီး ယူကရိန်းအပေါ် အနောက်အုပ်စုဘက်မှ ထောက်ပံ့မှု လုပ်ဆောင်နေခြင်းကို တားဆီးရေးအတွက် ရုရှား၏ နောက်ထပ် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ရက်များတွင်လည်း ရုရှားမဟာမိတ် ဘယ်လာရုစ်မြေတွင် နျူကလီးယား လက်နက်ကြီးများ ဖြန့်ကျက် ထားသည်ဟု ရုရှားသမ္မတ ပူတင်က ကြေညာခဲ့သည်။

ပူတင်သည် New START သဘောတူညီချက်တွင် ပါဝင်မှုကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

ယူကရိန်းစစ်မြေပြင်တွင် ရုရှားအား ချေမှုန်းရန် အမေရိကန်နှင့် နေတိုးမဟာမိတ်များက ရည်ရွယ်ချက် ထားရှိချိန် တွင် ရုရှားအနေဖြင့် သဘောတူညီချက်အတိုင်း အမေရိကန်၏ ဝင်ရောက် စစ်ဆေးခြင်းကို လက်မခံနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်သည် သဘောတူညီချက်မှ လုံးလုံးနှုတ်ထွက်ခြင်း မဟုတ်ကြောင်း၊ ရုရှားအနေဖြင့် သဘောတူညီချက်အတိုင်း နျူကလီးယားလက်နက် ကန့်သတ်ချက်များအပေါ် လေးစားသွားမည် ဖြစ်ကြောင်း လည်း ရုရှားဘက်က အလေးအနက်ထား ပြောကြားထားသည်။

ရုရှား သမ္မတ ပူတင်ကိုတွေ့ရစဉ်

လက်ရှိအချိန်ထိ ရတ်ဘ်ကော့ဗ်၏ ပြောစကားသည် ရုရှားအနေဖြင့် ဒုံးကျည် စမ်းသပ်မှုများနှင့် ပတ်သက်သည့် သတိပေးချက် အားလုံးကို ရပ်တန့်လိုက်ခြင်းလား သို့မဟုတ် New START သဘောတူညီချက်ပါ သတိပေးမှုများ ကိုသာ ရပ်တန့်လိုက်ခြင်းလား ကွဲကွဲပြားပြား မသိရသေးပေ။

ရုရှားနှင့် အမေရိကန်တို့သည် စစ်အေးခေတ်ကတည်းက ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများနှင့် ပတ်သက်၍ အသိပေးချက်များ အပြန်အလှန် လုပ်ဆောင်ခဲ့ကြသည်။ New START မှ နှုတ်ထွက်ခဲ့သော်လည်း ၁၉၈၈ အမေရိကန်-ဆိုဗီယက် သဘောတူညီချက်ကို ဆက်လက် လိုက်နာသွားမည်ဟုလည်း ရုရှားနိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် လတွင် ပြောခဲ့သည်။

ဘိုင်ဒန် အစိုးရသည် ရုရှားနိုင်ငံခြားရေးဌာနမှ အရာရှိ၏ ပြောဆိုမှုကို သတိပြုမိကြောင်း၊ သို့သော် ထိုသို့သော ပြောင်းလဲမှုနှင့် ပတ်သက်၍ မည်သည့် အသိပေးမှုကိုမှ မရရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဗီဒန့် ပါတဲလ် (Vedant Patel) က ပြောသည်။

Source: AP