CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇

ရုရှားနိုင်ငံသည် အာကာသထဲတွင် အခြေစိုက်မည့် ဂြိုဟ်တုဖျက် လက်နက်တစ်ခု ထုတ်လုပ်နေကြောင်း၊ သို့သော် လက်တလောတွင် ခြိမ်းခြောက်မှုတစ်ခု မဟုတ်သေးကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံတွင် ဂြိုဟ်တုဖျက် လက်နက် ထုတ်လုပ်သည့် နည်းပညာရရှိထားပြီ ဖြစ်သော်လည်း ထိုလက်နက်ကို လက်ရှိတွင် အသုံးပြုခြင်း မရှိသေးကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက သတင်းရရှိထားသည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

အမေရိကန်အရာရှိများသည် ၎င်းတို့ ရရှိထားသည့် သတင်းအချက်အလက်များကို သရုပ်ခွဲလေ့လာနေပြီး ဥရောပရှိ မဟာမိတ်များနှင့် တိုင်ပင်ဆွေးနွေးနေသည်ဟု ကာဘီက ဆိုသည်။

“လတ်တလောမှာတော့ အဲဒီလက်နက်ကို ဖြန့်ကြက်ချထားတဲ့ ပုံစံမျိုး မရှိသေးပါဘူး။ ရုရှားရဲ့ အဲဒီအစီအစဉ်ဟာ ပြဿနာရှိနေပြီး လက်ရှိအချိန်အထိ ဘယ်သူ့ကိုမှ ခြိမ်းခြောက်ခြင်း မရှိသေးပါဘူး”ဟု ကာဘီက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုလက်နက်သည် အာကာသအခြေစိုက်ဖြစ်ကြောင်း ကာဘီက အတည်ပြုခဲ့သော်လည်း ထိုလက်နက်တွင် နျူကလီးယား တပ်ဆင်နိုင်ခြင်း သို့မဟုတ် နျူကလီးယားစွမ်းအင် အသုံးပြုထားခြင်းတို့ရှိကြောင်း ဖော်ပြထား သည့် အမေရိကန်မီဒီယာများ၏ သတင်းထုတ်ပြန်မှုများကို မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

“အဲဒီ လက်နက်တွေက လူသားတွေ ဒါမှမဟုတ် ကမ္ဘာကြီးကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေအောင် တိုက်ခိုက်နိုင်တဲ့ လက်နက် မဟုတ်ပါဘူး” ဟု ကာဘီက ပြောကြားခဲ့သည်။

ရုရှားအစိုးရကမူ အမေရိကန်၏ ပြောကြားချက်များကို အရေးမထားလောက်သည့် သဘောဖြင့် ဖော်ပြခဲ့ပြီး ထိုပြောကြားချက်များသည် အမေရိကန်အစိုးရက ရီပတ်ဘလစ်ကန်များ လွှမ်းမိုးထားသည့် အောက်လွှတ်တော် တွင် နှောင့်နှေးကြန့်ကြာနေသည့် ယူကရိန်းအား အကူအညီပေးရေး အစီအစဉ်ကို အမြန်ဆုံးအတည်ပြုစေရန် လုပ်ဆောင်သည့် လှည့်ကွက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရဟာ ယူကရိန်း အကူအညီပေးရေး ဥပဒေမူကြမ်းကို အတည်ပြုဖို့အတွက် လွှတ်တော်ကို ဖိအားပေးတဲ့အနေနဲ့ အခုလို နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ သိသာထင်ရှားနေပါတယ်။ နောက်ထပ် သူတို့ ဘယ်လို လှည့်ကွက်တွေ သုံးလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ”ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။

ရုရှားသည် ၂၀၂၀ ပြည့်နှစ်က အာကာသ လက်နက်တစ်မျိုး စမ်းသပ်ခဲ့ကြောင်း အမေရိကန်နှင့် ဗြီတိန်တို့က ယခင်ကတည်းက စွပ်စွဲခဲ့ဖူးပြီး ရုရှားကမူ ထိုစွပ်စွဲချက်များကို ဝါဒဖြန့်မှုများဖြစ်ကြောင်း ငြင်းပယ်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား