CNI International News
တီဟီရန်၊ မေလ ၂၃
အီရန်နိုင်ငံတွင် မကြာသေးမီက ဆန္ဒပြမှုများကို နှိမ်နင်းမှုများကြောင့် လူအများအပြား သေဆုံးခဲ့ပြီး၊ စစ်ပွဲ ဖြစ်ပွား မှုကြောင့် စီးပွားရေး အကျပ်အတည်းများ ပိုမိုဆိုးရွားလာချိန်၌ အီရန်ခေါင်းဆောင်များသည် အမျိုးသား ညီညွတ် ရေးနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကို အောင်ပွဲဆင်နိုင်ကြောင်း ဖော်ကြူးထားသည့် ဝါဒဖြန့် ပိုစတာများကို တီဟီရန် (Tehran) မြို့တော်၏ နေရာအနှံ့မှာ ကပ်ထားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များနှင့် ဟော်မုဇ်ရေလက်ကြား ရုပ်ပုံများကို ချိတ်ဆွဲထားသည့်အပြင် အာဏာပိုင်များသည် အမျိုးသားရေး ခုခံမှုစိတ်ဓာတ်ကို ကြွားဝါရန်အတွက် စစ်ရေးပြ အခမ်းအနားကဲ့သို့ ပုံဖော် ကျင်းပသည့် မင်္ဂလာပွဲများ ပြုလုပ်ခဲ့သည်။
စစ်ရေးပြ အခမ်းအနားကဲ့သို့ ပုံဖော်ကျင်းပသည့် မင်္ဂလာပွဲများဆိုသည်မှာ အီရန်နိုင်ငံအလံနှင့် စက်သေနတ်ကို တပ်ဆင်ထားသော ဂျစ်ကားများဖြင့် မင်္ဂလာမောင်နှံများက မြို့အတွင်း မောင်းနှင်ကြခြင်းဖြစ်သည်။

အီရန်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်
ထို့ပြင် ဗလီများအတွင်း အများပြည်သူ ဝင်ရောက် ပစ်ခတ်နိုင်သည့် သေနတ်ပစ်လေ့ကျင့်ရေး သင်တန်းများကိုပါ စီစဉ်ကျင်းပလျက် ရှိသည်။
အတိတ်ကာလက တော်လှန်ရေး၊ ဘာသာရေး ဆော်ဩချက်များနှင့်မတူဘဲ ယနေ့ခေတ် ဝါဒဖြန့်မှုများသည် အီရန်အစိုးရ လိုလားသူများအပြင် ပိုမိုကျယ်ပြန့်သော ပြည်သူလူထုကို ပစ်မှတ်ထားသည့် အမျိုးသားရေးဝါဒ အပြင်အဆင်များကို ပိုမို အလေးပေးလာသည်။
“အီရန်နိုင်ငံရဲ့ ဝါဒဟောင်းဟာ လူ့အဖွဲ့အစည်းကြားထဲမှာ သြဇာသက်ရောက်မှု သိပ်မရှိတော့ပါဘူး။ အဲဒါကြောင့် လူထုကို စည်းရုံးလှုံ့ဆော်နိုင်မယ့် ပုံစံကို ပြောင်းလဲလာခဲ့တာပါ”ဟု နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICS) ၏ အီရန်နိုင်ငံဆိုင်ရာ စီမံကိန်းညွှန်ကြားရေးမှူး အလီ ဗာအက်ဇ် (Ali Vaez) က ပြောကြားခဲ့သည်။

အီရန်ခေါင်းဆောင်များ ရုပ်ပုံကို ချိတ်ဆွဲထားစဉ်
သို့သော် စစ်ပွဲနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် စိတ်ပျက် အားလျော့နေသော လူထုကြားတွင် ယခုကဲ့သို့ ဝါဒဖြန့်မှုသည် မည်မျှအထိ အောင်မြင်မှု ရရှိနိုင်မည်နည်းဟု မေးခွန်းထုတ်စရာကောင်းကြောင်း ဗာအက်ဇ်နှင့် အခြား လေ့လာဆန်းစစ်သူများက ဆိုကြသည်။
အီရန်သည် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး၊ ကမ္ဘာ့အရေးပါဆုံး ရေနံထောက်ပံ့ရေး လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ကာ အမေရိကန်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းထံ ခေါ်ဆောင်နိုင်ခဲ့သော်လည်း ပြည်တွင်းရေးမှာမူ ဆိုးရွားလှသော အခြေအနေများနှင့် ရင်ဆိုင်နေရ သည်။
စစ်ပွဲမတိုင်မီကတည်းက အလွန်အမင်း ကျပ်တည်းနေခဲ့သော စီးပွားရေးမှာ အလုံးစုံ ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး၊ တစ်စစ တိုးမြှင့်လာနေသည့် ဖိနှိပ်ချုပ်ချယ်မှုများကလည်း နိုင်ငံအတွင်း၌ ဆန္ဒပြမှုများ တကျော့ ပြန် ဖြစ်ပွားလာမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။
Source: ရိုက်တာ
