CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ Siam Paragon ဈေးဝယ်ကုန်တိုက်တွင် အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့ သည့် ပစ်ခတ်မှုသည် ၎င်း၏ဘဝတွင် အဆိုးရွားဆုံး အတွေ့အကြုံဖြစ်ကြောင်း မလေးရှားနိုင်ငံ ဂျိုဟာ (Johor) ပြည်နယ်၏ အိမ်ရှေ့စံမင်းသား တန်ကူ အစ္စမေးလ် ဆူလ်တန် အီဘရာဟင် (Tunku Ismail Sultan Ibrahim) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဂျိုဟာ အိမ်ရှေ့စံ တန်ကူ အစ္စမေးလ်နှင့် ၎င်း၏ မိသားစုသည် ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ထိုဈေးဝယ် ကုန်တိုက် အနီးရှိ ဟိုတယ်တစ်ခု၏ ဧည့်ခန်းဆောင်တွင် ရှိနေခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှု စတင်ဖြစ်ပွားချိန်တွင် လူအများအပြားသည် ဈေးဝယ်ကုန်တိုက်အတွင်းမှ ကြောက်လန့်တကြား အော်ဟစ်ပြီး ပြေးထွက်လာခဲ့ကြသည်ဟု တန်ကူ အစ္စမေးလ်က ၎င်း၏ Facebook နှင့် X လူမှုမီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။

ဘန်ကောက်မြို့လယ်ရှိ Siam Paragon ဈေးဝယ်ကုန်တိုက်ကို တွေ့ရစဉ်

သူနှင့် သူမိသားစုသည် သက်တော်စောင့် အဖွဲ့နှင့်အတူ ဟိုတယ်၏ မြေအောက်ခန်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတိပေးချက်များ ရရှိခဲ့သော်လည်း မည်သည့် သတင်း အချက်အလက်မျှ မရခဲ့ကြောင်း တန်ကူ အစ္စမေးလ်က ပြောသည်။ 
"ကျနော့်ကလေးတွေကို မကြောက်အောင် ပြောခဲ့ရပါတယ်။ အားလုံးက အဆင်ပြေသွားမှာပါ။ အဖေနဲ့ အမေရှိတယ်နော်ဆိုပြီး ကလေးတွေကို နှစ်သိမ့်ခဲ့ပါတယ်" ဟု ဂျိုဟာ အိမ်ရှေ့စံက ပြောသည်။ 

ထို့ပြင် သူ့တွင် အသက် ၂ နှစ်မှ ၇ နှစ်ကြား ကလေး ၄ ဦးရှိပြီး သူတို့ကို လာရောက်ခေါ်ဆောင်မည့် ကားကို စောင့်ဆိုင်းခဲ့ရသည်ဟု ၎င်းက ဆိုသည်။ 

ထိုနေရာမှ မလွတ်မြောက်မီ အချိန်အထိ သူနှင့် သူ့သက်တော်စောင့်အဖွဲ့သည် သူ့မိသားစုရှေ့တွင် လူသားဒိုင်းအဖြစ် မားမားမတ်မတ် ရပ်တည်ကာ အကာအကွယ် ပေးခဲ့သည်ဟုလည်း တန်ကူအစ္စမေးလ်က ပြောသည်။ 

ထိုနေရာမှ ထွက်ပြေးလွတ်မြောက်ရန် မြေအောက်ခန်းအတွင်းသို့ ကားတစ်စီး ယူလာရန် သက်တော်စောင့်များကို အော်ဟစ်ပြောကြားခဲ့သည်ဟုလည်း တန်ကူ အစ္စမေးလ်က ပြောသည်။

Siam Paragon ဈေးဝယ်ကုန်တိုက်အတွင်း ပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး ဖမ်းခံရစဉ်

ကားရောက်လာချိန်တွင် ထိုင်းနိုင်ငံရှိ မလေးရှားသံရုံးသို့ မောင်းနှင်ရန် ညွှန်ကြားခဲ့သော်လည်း ယာဉ်မောင်းက အခင်းဖြစ်ပွားသည့် နေရာနှင့် အနီးဆုံးတွင် စင်္ကာပူသံရုံးရှိကြောင်း ပြောကြားခဲ့သဖြင့် သူသည် ဂျိုဟာပြည်နယ်ရှိ စင်္ကာပူ ကောင်စစ်ဝန်ချုပ်ထံ ဖုန်းဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့ကြောင်း၊ ထို့နောက် သူတို့သည် စင်္ကာပူ သံရုံးသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း တန်ကူ အစ္စမေးလ်က ပြောသည်။ 

ထို့ပြင် ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အကြောင်းကြားရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) နှင့် ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) တို့ကို တောင်းဆိုခဲ့ပြီးနောက် ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် အိတ်ချ် အီး ဂျိုဂျီ ဆမ်မြူယယ် (H.E. Jojie Samuel) က သူတို့ဆီကို ရောက်ရှိလာခဲ့သည်ဟု ဂျိုဟာ အိမ်ရှေ့စံက ပြောကြားခဲ့သည်။

ထို့နောက် သူသည် ဂျိုဟာပြည်နယ်သို့ ပြန်လည်ရောက်ရှိကြောင်း လူမှုမီဒီယာတွင် ထပ်မံရေးသားခဲ့သည်။

"ကျနော် ဖြတ်သန်းခဲ့ရသမျှ ဒါဟာ အဆိုးရွားဆုံး အတွေ့အကြုံပါပဲ။ လူသတ်သမားရဲ့ ရန်ကနေ ကျနော့် ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးခဲ့ပါတယ်။ ပစ်ခတ်မှုမှာ နှစ်ယောက် သေဆုံးခဲ့ပါတယ်။ အပြစ်မဲ့တဲ့ စိတ်ဝိဉာဉ်တွေကို ဘုရားသခင် ကောင်းချီးပေးပါစေ" ဟု တန်ကူ အစ္စမေးလ်က ပြောကြားခဲ့သည်။

Source: Thai PBS World