CNI International News

ဘေရွတ်၊ ဇွန်လ ၆ 

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်အနီးရှိ အမေရိကန်သံရုံး အပြင်ဘက်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံရုံးလုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် သေနတ်သမားကို လက်ဘနွန်စစ်သားများက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်နယ်စပ်တွင် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများနှင့် အစ္စရေးစစ်သားများအကြား လနှင့်ချီ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် လက်ဘနွန်နိုင်ငံအတွင်း တင်းမာမှုများ မြင့်တက်နေ ချိန်၌ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သံရုံးအပြင်ဘက်တွင် ပစ်ခတ်ခဲ့သူသည် ဆီးရီးယားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း လက်ဘနွန်စစ်တပ်က ထုတ်ပြန်ခဲ့ပြီး စစ်သားများ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒဏ်ရာရသွားခဲ့သည့် ထိုသေနတ်သမားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်စစ်သားများကို တွေ့ရစဉ်

ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အဓိက အကြောင်းရှင်းကို ရှင်းလင်းစွာ မသိရသေးဘဲ လက်ဘနွန်မီဒီယာများ က ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင်မူ သွေးစွန်းနေသည့် သေနတ်သမားသည် Islamic State  ဆိုသည့် စကားလုံးကို အာရဗီဘာသာစကားဖြင့် ရေးသားထားပြီး အင်္ဂလိပ်ဘာသာစကားဖြင့် IS ဟု ရေးသားထား သည့် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားကြောင်း ဖော်ပြထားသည်။

ထိုပစ်ခတ်မှုကို သေနတ်သမားတစ်ဦးတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်သည် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုထဲ၌ သေနတ်သမားသည် သံရုံး၏ ဝင်ပေါက်ရှိ ကားပါကင်မှာ  ချေမှုန်းရေးရိုင်ဖယ်ဖြင့် ပစ်ခတ်နေသည့် မှတ်တမ်းကို ဖော်ပြထားသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သံရုံးက သံရုံးဝန်ထမ်းများ ဘေးကင်းလုံခြုံကြောင်း ကနဦး ထုတ်ပြန်ခဲ့ပြီး လက်ဘနွန်စစ်သားများနှင့် သံရုံးလုံခြုံရေး အစောင့်များကို လျင်မြန်စွာ ဖြန့်ကြက်ချထားခဲ့ သည်။

လက်ဘနွန်စစ်သားများကို တွေ့ရစဉ်

ထိုပစ်ခတ်မှုကြောင့် သံရုံးလုံခြုံရေး အစောင့်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက  နောက်ပိုင်းတွင် ထပ်မံထုတ်ပြန်ခဲ့သည်။

အဆိုပါ သံရုံးလုံခြုံရေးဝန်ထမ်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို လေးစားသည့် အနေဖြင့် အသေး စိတ် အချက်အလက်များကို ထပ်မံထုတ်ပြန်မည် မဟုတ်ကြောင်း၊ ထိုသံရုံးလုံခြုံရေးဝန်ထမ်းသည် အမြန်ဆုံး ပြန်လည်သက်သာစေရန် မိမိတို့ ဆုတောင်းကြောင်း အမည်မဖော်လို့သည့် အမေရိကန်သံရုံး ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီ (Najib Mikati) ၏ ရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး အပါအဝင် စစ်တပ်မှ တပ်မှူးတို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Source: အေပီ