CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅

ရခိုင်လူမျိုးများအနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင်တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

VOA နှင့် သီးသန့် အင်တာဗျူးတွင် ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ရခိုင်တွေအနေနဲ့ ကွန်ဖက်ဒရိတ်အဆင့်ထက် မနိမ်တဲ့ နိုင်ငံရေး အဆင့်အတန်း တစ်ခုကိုတော့ မျှော်မှန်းပြီး ကျနော်တို့ လုပ်ဆောင်နေတာ၊ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူများဆီကလည်း တောင်းနေမှာ မဟုတ်ဘူး။ မရရအောင် တိုက်သင့်ရင်တိုက်မယ်။ ပြီးမှ တည်ဆောက်သွားမယ်ပေါ့။ ဒါကို တစ်ဖက်နဲ့တစ်ဖက် နားလည်မှု အပြည့်နဲ့ သဘောထားကြီးကြီးနဲ့ သဘောတူညီကြတယ်ဆိုရင်တော့ စည်းလုံးညီညွတ်တဲ့ အနာဂတ်တစ်ခုမှာ အကုန်လုံးအတွက် အေးချမ်းမယ်" ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်ကြား နေရာအနှံ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ သည်။

မြန်မာ့တပ်မတော်ကလည်း မြို့ပြနှင့် ကျေးလက်ဒေသများရှိ စစ်စခန်းများကို ဆုတ်ခွာပေးရမှုများရှိနေသလို AA က စစ်တွေမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည်။

 ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကို တွေ့ရစဉ်

AA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)ဆိုကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ချင်းလက်နက် ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

AA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ နိုင်ငံရေး အဆင့်အတန်းမျိုး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးကို ရလိုကြောင်း ထုတ်ဖော် ပြောကြားထားသည်။

တခြား တစ်ဖက်မှာတော့ မြန်မာ့တပ်မတော်နှင့် AA ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး တရုတ်နိုင်ငံ  ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။