CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀

၂၀၂၃ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် နာရီပိုင်းအလိုမှာ နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့လယ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် လူနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကြောင့် ရဲအရာရှိတွေအပါအဝင် လူ ၆ ဦးဒဏ်ရာရခဲ့ပြီး သေနတ်သမားလည်း သေဆုံးသွားခဲ့တာပါ။ နယူးဇီလန်ဝန်ကြီးချုပ် ခရစ်ဟစ်ပ်ကင်စ်ကတော့ ဒီလိုတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်လို့မသတ်မှတ်ဘဲ ပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်ပြီးကျင်းပသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် နယူးဇီလန်ဝန်ကြီးချုပ်က ဒီဖြစ်ရပ်ဖြစ်ပြီးနောက် အန္တရာယ်ရှိနိုင်တဲ့အရာတွေ ထပ်ပြီးဖြစ်မှာ မဟုတ်ဘူး လို့လည်း ပြောခဲ့တာပါ။

အော့ကလန်မြို့တော်ဝန် ဝိန်းဘရောင်းက ဖီဖာဝန်ထမ်းတွေနဲ့ ဘောလုံးအသင်းတွေဟာ ဘေးအန္တရာယ်ကင်း တယ်လို့ ပြောထားပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး နယူးဇီလန်အာဏာပိုင်တွေနဲ့ အဆက်အသွယ်ပြုလုပ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ နယူးဇီလန်အားကစားဝန်ကြီး ဂရန့်ရော်ဘတ်ဆန်က လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့တွေ ပိုပြီး ချထားမယ်လို့ ပြောထားတာပါ။

လက်ရှိချန်ပီယံ အမေရိကန်အသင်းဟာ အော့ကလန်မှာ အခြေစိုက်နေတာဖြစ်ပြီး အသင်းထဲမှာပါဝင်နေတဲ့ သူတွေအားလုံး ဘေးအန္တရာယ်ကင်းတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောထားကြောင်း သတင်းမှာ ဖော်ပြထား ပါတယ်။ (၉) ကြိမ်မြောက်အဖြစ် ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နဲ့ သြစတြေးလျတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

အော့ကလန်ဟာ ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲပေါင်း ၆၄ ပွဲမှာ ၉ ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:BBC