CNI International News

ဘာကူ၊ အောက်တိုဘာ ၅

အဇာဘိုင်ဂျန်နိုင်ငံ အာဏာပိုင်များသည် နာဂေါ်နို-ကာရာဘက်ဒေသ၏ ခွဲထွက်ဝါဒီ ခေါင်းဆောင်ဟောင်း အချို့ကို ဖမ်းဆီးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အာမေးနီးယား လူမျိုးများ နေထိုင်သည့် ထိုဒေသကို ပြီးခဲ့သည့်လအတွင်းမှာ အဇာဘိုင်ဂျန်က ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေကို ထိန်းချုပ်ခဲ့သည်။

ထို့နောက် နာဂေါ်နို-ကာရာဘက်ဒေသရှိ ခွဲထွက်ဝါဒီများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အဇာဘိုင်ဂျန်၏ ထိပ်သီး သတင်းအေဂျင်စီဖြစ်သည့် APA က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ အစောပိုင်းက ခွဲထွက်ဝါဒီ ခေါင်းဆောင်ရာထူးမှ မဆင်းမီ ကာရာဘက်ဒေသကို ဦးဆောင်ခဲ့သည့် အာရာယစ် ဟာရွတ်ယွန်ယန် (Arayik Harutyunyan)သည် ဖမ်းဆီးခံခဲ့ရပြီး အဇာဘိုင်ဂျန်၏ မြို့တော် ဘာကူ (Baku) သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု APA က ပြောကြားခဲ့သည်။ 

ကာရာဘက်ဒေသကို ဦးဆောင်ခဲ့သည့် အာရာယစ် ဟာရွတ်ယွန်ယန်ကို တွေ့ရစဉ်

ထို့ပြင် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ခွဲထွက်သမ္မတ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အာကာဒီ ဂူကာစီယန် (Arkadi Gukasian)၊ ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ခွဲထွက်သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့် ဘာကို ဆာဟက်ယန် (Bako Sahakyan) တို့သည်လည်း ခွဲထွက်ဝါဒီ လွှတ်တော်ဥက္ကဋ္ဌ ဒါဗစ် အက်ရှ်ခန် ယန် (Davit Ishkhanyan) နှင့်အတူ အောက်တိုဘာ ၃ ရက်က ဖမ်းဆီးခံခဲ့ရသည်ဟု APA မှ ထုတ်ပြန်ခဲ့သည်။

အဇာဘိုင်ဂျန် အာဏာပိုင်များသည် ကာရာဘက်ဒေသအား ထိန်းချုပ်မှုကို အလျင်အမြန် လုပ်ဆောင်နေချိန်တွင် ခွဲထွက်ဝါဒီ ခေါင်းဆောင်ဟောင်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုဒေသတွင် နေထိုင်သည့် အာမေးနီးယားလူမျိုး ၁၀၀,၀၀၀ ကျော်သည် အာမေးနီးယားနိုင်ငံသို့ ထွက်ပြေး ဝင်ရောက်ခဲ့ကြသည်။

အဇာဘိုင်ဂျန်ကမူ အာမေးနီးယားလူမျိုးများ၏ အခွင့်အရေးကို လေးစားမည်ဟု ကတိပြုခဲ့သော်လည်း ခွဲထွက်ဝါဒီ အာမေးနီးယားလူမျိုးများက ထိုဒေသကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သဖြင့် ယခုအခါတွင် အဇာဘိုင်ဂျန်၏ လက်စားခြေမည့် အန္တရာယ်ကို စိုးရိမ်နေကြသည်။

ခွဲထွက်ဝါဒီ လွှတ်တော်ဥက္ကဋ္ဌ ဒါဗစ် အက်ရှ်ခန်ယန်ကို တွေ့ရစဉ်

ထို့ကြောင့် အာမေးနီးယားလူမျိုး အများစုသည် ကာရာဘက်ဒေသမှ အာမေးနီးယားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။

စက်တင်ဘာ ၁၉ ရက်က စတင်ခဲ့သည့် အဇာဘိုင်ဂျန် စစ်တပ်၏ ၂၄ နာရီ စစ်ဆင်ရေးတွင် အာမေးနီးယား တပ်ဖွဲ့များကို အင်အားအသာစီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အာမေးနီးယား တပ်ဖွဲ့များသည် လက်နက်ချ အညံ့ခံခဲ့ပြီး ၎င်းတို့၏ ခွဲထွက်အစိုးရကို ဖျက်သိမ်းမည်ဟု သဘောတူညီခဲ့သည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် အာမေးနီးယား ခွဲထွက်ဝါဒီများနှင့် အဇာဘိုင်ဂျန် စစ်တပ်၏ ၆ နှစ်ကြာ စစ်ပွဲအပြီးတွင် နာဂေါ်နို-ကာရာဘက်ဒေသကို အာမေးနီးယားတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီး ထိုဒေသတွင် နေထိုင်သည့် အဇာဘိုင်ဂျန်ဒေသခံ ၁ သန်းခန့်သည် ဒုက္ခသည်များ ဖြစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့်် သီတင်း ၆ ပတ်ကြာ စစ်ပွဲအပြီးတွင်မူ အဇာဘိုင်ဂျန် တပ်ဖွဲ့များသည် နာဂေါ်နို-ကာရာဘက်ဒေသ၏ နယ်မြေအချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အာမေးနီးယား တပ်ဖွဲ့များ ထိန်းချုပ်ခဲ့သည့် နယ်မြေများကို ဝိုင်းရံပိတ်ဆို့နိုင်ခဲ့သည်။


နိုင်ငံတကာ အသိုင်းအဝိုင်းကမူ နာဂေါ်နို-ကာရာဘက်ဒေသကို အဇာဘိုင်ဂျန်၏ နယ်နိမိတ် တစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုထားသည်။

Source: အေပီ