CNI Article

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉

နှစ်ပေါင်း ၃၀ အတွင်း တတိယအကြိမ်မြောက်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အဇာဘိုင်ဂျန်နှင့် နာဂေါ်နို-ကာရာဘက်ဒေသတွင် နေထိုင်သည့် အာမေးနီးယား လူမျိုးစုများအကြား ဖြစ်ပွားခဲ့သည့်် ပဋိပက္ခကို တားဆီးရန် ပျက်ကွက်ခဲ့သည်။

စက်တင်ဘာ ၁၉ ရက်က အဇာဘိုင်ဂျန် တပ်ဖွဲ့များသည် ကာရာဘက်ဒေသရှိ ခွဲထွက်ရေးဝါဒီ အာမေးနီးယား လက်နက်ကိုင်များကို အကြီးစား စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ထိုဒေသကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ 

၂၄ နာရီကြာမြင့်ခဲ့သည့် ထိုစစ်ဆင်ရေးအတွင်း  နာဂေါ်နို-ကာရာဘက် သမ္မတနိုင်ငံ (NKR) ဟု တစ်ဖက်သတ် ကြေညာထားသည့် ဒေသခံခေါင်းဆောင်များသည် လက်နက်ချရန် သဘောတူခဲ့ပြီး အဇာဘိုင်ဂျန်က အောင်ပွဲ ကြေညာခဲ့သည်။

သုံးရက်အကြာတွင် အဇာဘိုင်ဂျန် တပ်ဖွဲ့များက နာဂေါ်နို-ကာရာဘက်ဒေသအနှံ့ရှိ မဟာဗျူဟာမြောက် ကုန်းပြင် မြင့်များ၊ သတ္တုတွင်းများ၊ ကျေးရွာများကို ထိန်းချုပ်ခဲ့ပြီး အာမေးနီးယားလူမျိုးများ နေထိုင်သည့် နေရာများ၏ အပြင်ဘက်တွင် စခန်းချခဲ့ကာ NKR က ၎င်း၏ တပ်ဖွဲ့ကို ဖျက်သိမ်းမည်ဟု သဘောတူခဲ့သည်။

အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ပျက်စီးသွားစဉ်

လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်သည် ရက်အနည်းငယ်သာ ကြာမြင့်နိုင်ဖွယ်ရှိသော်လည်း တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများ၊ အိမ်မဲ့ရာမဲ့ဖြစ်မှုများနှင့် ဝရုန်းသုန်းကား အခြေအနေများသည် ဒေသတစ်ခုလုံးကို ရိုက်ခတ် ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ထပ်မံပေါ်ပေါက်လာဖွယ်ရှိသည်။

နာဂေါ်နို-ကာရာဘက်ဒေသတွင် အာမေးနီးယားလူမျိုး ၁၂၀,၀၀၀ ခန့်နေထိုင်သည်။ ထိုဒေသကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့သည့် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ် (Ilham Aliyev) က သူသည် အာမေးနီးယားလူမျိုးများကို အဇာဘိုင်ဂျန် လူ့အသိုင်းအဝိုင်းအတွင်း ပေါင်းစည်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ သည်။

သို့သော် အာမေးနီးယားလူမျိုးများနှင့် အဇာဘိုင်ဂျန်အကြား ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်စိတ်ချခြင်းမရှိခဲ့ပေ။ 

ထို့ကြောင့် နာဂေါ်နို-ကာရာဘက်ဒေသတွင် နေထိုင်ခဲ့သည့် အာမေးနီးယားလူမျိုးများသည် အာမေးနီးယားနိုင်ငံသို့ အစုလိုက် အပြုံလိုက် ထွက်ခွာလျက်ရှိသည်။ NKR ခေါင်းဆောင်များက နာဂေါ်နို-ကာရာဘက်တွင် နေထိုင်သည့် အာမေးနီးယား ဒေသခံအားလုံးနီးပါးသည် ထိုဒေသကို စွန့်ခွာကာ အာမေးနီးယားသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုသို့ လူအစုလိုက်အပြုံလိုက် ထွက်ခွာမှုသည် ဒေသတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေ သည့် အခြေအနေကို ဖြစ်စေနိုင်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုထားမှုကလည်း ထိုအခြေအနေကို ပိုမိုဆိုးရွားစေရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေသည်။

အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသော အာမေးနီးယား လူမျိုးများ နေထိုင်တဲ့ အဆောက်အအုံများကိုတွေ့ရစဉ်

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့ (Collective Security Treaty Organisation- CSTO) အရ ရုရှားသည် အာမေးနီးယား၏ လုံခြုံရေးကို အာမခံပေးထားသည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့် ရုရှားသည် နာဂေါ်နို-ကာရာဘက်ဒေသရှိ အာမေးနီးယားလူမျိုးများ၏ အကျိုးစီးပွားများကို ပိုမို ကာကွယ်ပေးသင့်ပြီး အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစွာ ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

သို့သော် ရုရှားသည် အဇာဘိုင်ဂျန်နှင့်လည်း ရန်ဘက်ဖြစ်လိုသည့် ဆန္ဒမရှိခဲ့ဘဲ အာမေးနီးယားနှင့် အဇာဘိုင်ဂျန် အကြား တင်းမာမှုများကို ကြားဝင်ဖြေရှင်းပေးခဲ့ခြင်း မရှိပေ။

အဇာဘိုင်ဂျန်-အာမေးနီးယား ပဋိပက္ခကို မျက်ကွယ်ပြုပြီး ကျောခိုင်းခဲ့သည်မှာ ရုရှား တစ်နိုင်ငံတည်းသာ မဟုတ် ဘဲ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့လည်း ပါဝင်နေသည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံများကို ဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရန် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည့် အနောက်နိုင်ငံများသည် ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုအတွင်းက ဖြစ်ပွားခဲ့ သော အဇာဘိုင်ဂျန်-အာမေးနီးယား ပဋိပက္ခကို အနည်းငယ်သာ စိတ်ဝင်စားကြောင်း ပြသခဲ့သည်။ 

၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပထမအကြိမ် နာဂေါ်နို-ကာရာဘက် စစ်ပွဲတွင် အာမေးနီးယား တပ်ဖွဲ့များ အနိုင်ရခဲ့ ပြီးနောက် ထိုဒေသ၌ နေထိုင်သည့် အဇာဘိုင်ဂျန်လူမျိုးများ ဒုက္ခရောက်ခဲ့ရချိန်ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းသည် မသိကျိုးကျွန်ပြုခဲ့သည်။ 

အကူအညီပေးရမည့်အစား ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ပဋိပက္ခကို မျက်ကွယ်ပြုခဲ့ရုံသာမက နောက်ထပ် ဖြစ်ပွားမည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် အဇာဘိုင်ဂျန်ကို လက်နက်များ ရောင်းချခြင်းဖြင့် အမြတ်ထုတ်ခဲ့ကြသည်။

အာမေးနီးယားလူမျိုးစု တပ်ဖွဲ့က လက်နက်ချစဉ်

အစ္စရေးနှင့် တူရကီတို့သည်လည်း အဇာဘိုင်ဂျန်၏ စစ်အသုံးစရိတ် တိုးမြှင့်မှုကို အခွင့်ကောင်းယူကာ လက်နက် များ ရောင်းချခဲ့ပြီး အမြတ်ထုတ်ခဲ့သည်။

ရုရှားကလည်း အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နှစ်နိုင်ငံစလုံးကို လက်နက်များ ရောင်းချခဲ့သည်။ 

အနောက်နိုင်ငံများထံမှ လက်နက် ဝယ်ယူမှုများနှင့် နည်းပညာ အသာစီးရမှုတို့ကြောင့် ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့ သည့် စစ်ပွဲတွင် အဇာဘိုင်ဂျန်က အနိုင်ရခဲ့ချိန်တွင်လည်း အင်အားကြီးနိုင်ငံများသည့် အဇာဘိုင်ဂျန်-အာမေးနီး ယား ငြိမ်းချမ်းရေးကို တွန်းအားပေး လုပ်ဆောင်ရန် စိတ်မဝင်စားခဲ့ပေ။

၂၀၂၂ ခုနှစ်က အဇာဘိုင်ဂျန်သည် နာဂေါ်နို-ကာရာဘက်ဒေသနှင့် အာမေးနီးယားဒေသကို ဆက်သွယ်ထားသည့် လာချင် စင်္ကြန်ကို ပိတ်ဆို့ခဲ့ချိန်ကလည်း နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှုများသည် ထိရောက်ခဲ့ခြင်းမရှိပေ။

ထိုပိတ်ဆို့မှုသည် ရက်ပေါင်း ၂၅၀ ကျော် ကြာမြင့်ခဲ့ပြီး နာဂေါ်နို-ကာရာဘက် ဒေသအတွင်းသို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ပင်လျင် ဝင်ခွင့် မရခဲ့ပေ။ 

ထို့ကြောင့် နာဂေါ်နို-ကာရာဘက်ဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှတ်တမ်းများကို ပြန်လည်သုံးသပ် မည်ဆို ပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ မသိကျိုးကျွန်ပြုမှုသည် ရှက်ဖွယ်လိလိဖြစ်သည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းသည် နာဂေါ်နို-ကာရာဘက် ဒေသနှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နှင့် အာမေးနီးယား အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲသုံးခုကို အချိန်မီ ဟန့်တားရန်နှင့် အဓိပ္ပာယ်ပြည့်ဝသည့် ကြားဝင် ဖြေရှင်းမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သဖြင့် သွေးစွန်းမှုများစွာ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲသည် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအကြား နောက်ဆုံးစစ်ပွဲ ဖြစ်စေရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည့်စုံကျယ်ပြန့်သည့် ကမ္ဘာ့အခင်းအကျင်း တစ်ခုကို ဆောင်ကျဉ်း ပေးရန် တာဝန်ရှိနေသည်ဟု ယူဆပါက မှားမည်မထင်ချေ။

Source: အယ်လ်ဂျာဇီးယား