CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

မန္တလေးမြို့တွင် ကျင်းပမည့် ယခုနှစ် သင်္ကြန်ပွဲတော်၌ ယခင်နှစ်များကထက် ပိုမိုစည်ကားစေရန်အတွက် ပုဂ္ဂလိ က သင်္ကြန်မဏ္ဍပ်များကို ဦးရာလူစနစ်ဖြင့် အခွန်ပေးဆောင်စရာမလိုဘဲ တည်ဆောက်ခွင့် ပြုသွားမည်ဟု မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လက်ရှိတွင် မဏ္ဍပ်တည်ဆောက်ရန်အတွက် လျှောက်ထားမှုများ ရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ် သင်္ကြန်ပွဲတော်သည် စည်ကားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းဌေးက “အခွန်ဆောင်စရာ မလိုဘူး။ ဦးရာလူစနစ်နဲ့ ပေးမယ်။ ကျနော်တို့လုပ်မှာက ၂၆ လမ်းကို ကျနော်တို့ က ၁၆ လမ်းကနေ ၁၈ လမ်း၊ နောက်တစ်ခါ ၆၆ လမ်းကို ၁၉ လမ်းကနေပြီးတော့ ၂၆ လမ်း၊ ဒီကြားထဲမှာ ကျနော် တို့ မဏ္ဍပ်တွေ ကျနော်တို့ပေးမယ်။ အခွန်ဆောင်စရာ မလိုဘူး။ ဦးရာလူစနစ်နဲ့ ပေးမယ်။ လျှောက်ထားမှုတွေ ရှိနေပြီပေါ့။ တချို့ နေရာတောင် ယူကုန်ကြပြီ။ စည်ကားမှာပေါ့ဗျာ စည်ကားအောင် ကျနော်တို့တွေလည်း စိတ်ဝင်စားနေကြတယ်လေ အခုသင်္ကြန်နဲ့ ပတ်သက်ပြီးတော့။ တက်တက်ကြွကြွနဲ့ စိတ်ဝင်စားနေကြတယ် ဒီနှစ်က စည်ကားမှာပေါ့။ မလုပ်တာတော့ ကြာပြီလေ။ ကိုဗစ်နဲ့ဆိုတော့ မလုပ်ဖြစ်ဘူး။ အခုမှ ကျနော်တို့က စပြီးတော့ လုပ်တဲ့အတွက်ကြောင့် ဘာမှအခွန်ပေးစရာ မလိုဘူး” ဟု ပြောသည်။

သင်္ကြန်ရေကစားနေကြစဉ်

လက်ရှိတွင် မန္တလေးမြို့တော်ဝန်မဏ္ဍပ်ကို မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရုံးရှေ့တွင် တည်ဆောက်နေပြီး ကျုံးပတ်လည်၊ မန္တလေးဈေးချိုနှင့် တခြားသော လူစည်ကားရာ နေရာများတွင်လည်း ရေကစားမဏ္ဍပ်များ တည်ဆောက်ရန်အတွက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးနေကြောင်း သိရသည်။

ရပ်ကွက်နေ ပြည်သူများအနေဖြင့် ကျုံးအနောက်ဘက်နှင့် မန္တလေးမြို့ရှိ လမ်းတချို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်၍ ရေကစားမည်ဆိုလျှင့် လျှောက်လွှာတင်ရမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနှစ်မှာ အခွန်အခ မရှိဘူး မကောက်ရပါဘူးဗျ၊ မဏ္ဍပ်တွေ အတွက်ကိုလေ။ မဏ္ဍပ်တွေ၊ စတုဒီတာမဏ္ဍပ် တွေ အတွက်ကို အခွန်အခ မရှိပါဘူးဗျ။ မန်းမြို့ပတ်လည်မှာ တကယ်လို့ ဥပမာ မဏ္ဍပ်တွေ ဆောက်ချင်တယ် ဆိုရင် ကျနော်တို့ဆီမှာ လျှောက်လွှာတင်ရတယ်လို့ ကြေညာထားပေးပါတယ်။ အဲဒါကတော့ ဘာလုပ်လုပ် ရေစုပ် စက်နဲ့ပဲ ဆော့ဆော့ ဘာလုပ်ချင်ချင်၊ ဘယ်လိုပက်ပက် ပတ်ချင်သလိုပတ် အဲဒါကို ဘာပက်ချင်ပါတယ်။ ဘယ်လို ပက်ချင်ပါတယ်ဆိုတာကို ကျနော်တို့ဆီမှာ လျှောက်လွှာတွေ လာတင်ပေးရတာ။ အဲဒီလျှောက်လွှာကို ကျနော်တို့ က ပြုစုပြီးတော့ တိုင်းအစိုးရဆီ တင်ပြပြီးတော့ တိုင်းအစိုးရမှ အတည်ပြုမှာပါဗျ” ဟု ပြောသည်။

သင်္ကြန်ရေကစားနေကြစဉ်

ကိုဗစ်မဖြစ်ခင် သင်္ကြန်ကာလများတုန်းက ကျုံးဘေးပတ်လည်နေရာတွင် ပေ ၁၀၀× ၂၅ ပေရှိ မဏ္ဍပ်တစ်ခု ဆောက်မည်ဆိုလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှစတင်ပြီး လေလံစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနှစ်မှာတော့ အခွန်ပေးဆောင်စရာမလိုပဲ ဆောက်လုပ်ခွင့် ပြုခြင်းဖြစ်သည်။

ထို့အပြင် မန္တလေးကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိကို လမ်းလျှောက်သင်္ကြန် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး မဏ္ဍပ်နေရာ ၁၀ ပေ ပတ်လည်ကို ကျပ် ၅ သိန်း၊ ပေ ၂၀ ကို ကျပ် ၁၀ သိန်း၊ ပေ ၃၀ ကို ကျပ် ၁၅ သိန်း အခွန်ကောက်ပြီး ဆောက်လုပ်ခွင့် ပေးခဲ့သည်ကို တွေ့ရသည်။