CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ နေအိမ်များပျက်စီးသွားခဲ့သည့်အတွက် အကူအညီများ လိုအပ်နေကြောင်း ရခိုင်တိုက်ပွဲ ရှောင်များထံမှ သိရသည်။

မိုးသက်လေပြင်းကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး စသည့် မြို့နယ်များရှိ တိုက်ပွဲ ရှောင်များ၏ နေအိမ် အလုံး ၈၀ ကျော် ပြိုလဲပျက်စီးသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲရှောင်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုများရှိသော်လည်း နေအိမ်ပြုပြင်ရန် ရရှိမည့် အထောက်အပံ့သည် ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် မိုးရွာသွန်းနိုင် သေးသည့်အတွက် နေအိမ်များ ထပ်မံပျက်စီးမည်ကို စိုးရိမ်ကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား တိုက်ပွဲ ရှောင်စခန်းမှ အမျိုးသမီးခေါင်းဆောင် မအေးခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မအေးခိုင်က “ထိတဲ့အိမ်က ထိတယ်ပေါ့နော်။ အမိုးတွေ ပျက်တာလည်း ရှိတယ်။ အကာတွေ ပျက်တာလည်း ရှိတယ် အဲလိုမျိုး ရှိတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ နည်းနည်းတော့ နည်းတာပေါ့။ ၁၀၊ ၂၀ လောက်ရှိမယ်။ အဲလို မျိုးပေါ့လေ စခန်းတိုင်း၊ စခန်းတိုင်း မအေးခိုင်တို့ စခန်းတစ်ခုတည်း မဟုတ်ဘဲနဲ့လေ ကျမတို့ စခန်းမှာဆိုလို့ရှိရင် လိုအပ်နေပြီပေါ့လေ အခု သင်္ကြန်လဆန်း ၁ ရက်၊ ၂ ရက်နေ့ရှိနေပြီဆိုရင် အဆောင်တွေ လုပ်ဖို့က အဓိက လိုအပ် နေပြီ။ သူတို့ပေးတာက ကြာဦးမယ်နဲ့တူတယ်။ အခု မိုးကလည်း ရွာနေပြီ။ နောက် ၁ ကြိမ်၊ ၂ ကြိမ်ရွာလို့ရှိရင် အကုန်လုံး ပြိုပြီ။ အရင်တုန်းကလိုမျိုးနဲ့ ၁ ရက်၊ ၂ ရက်နဲ့ တိုက်မယ်ဆိုရင် အကုန်လုံးပြိုပြီ သေချာပေါက်။ စိုးရိမ် ရတာပေါ့နော် ဒီမှာက လင်မရှိတဲ့သူတွေလည်းရှိတယ်။ ကလေး သေးသေးလေးတွေလည်း ရှိတယ်။ ကိုယ်ဝန် ဆောင်တွေလည်း ရှိတယ်။ မသန်စွမ်းတွေလည်း ရှိတယ်။ သူတို့အတွက်တော့ စိတ်ပူရတယ်” ဟု ပြောသည်။

ရခိုင်တိုက်ပွဲရှောင်စခန်းတစ်ခုကိုတွေ့ရစဉ်

တချို့သော တိုက်ပွဲရှောင်စခန်းများတွင် ကိုယ်ထူကိုယ်ထဖြင့် ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ် အဆောင်များအား ပြန်လည် ဆောက်လုပ်နေကြောင်း၊ ပျက်စီးသွားသည့် နေအိမ်များသည် ဓနိမိုး၊ ဝါးခင်းကာ သစ်လုံးတိုင်ငယ်များ ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

တိမ်ပြင်တိုက်ပွဲရှောင်စခန်းမှာ တိုက်ပဲရှောင် ကိုထွန်းညိုက “ဘုန်းကြီးကျောင်းမှာ နေရတဲ့စခန်းက ကျနော်တို့ စခန်းပေါ့ တိမ်ပြင်စခန်းပေါ့။ ကျနော်တို့ နေထိုင်တဲ့စခန်းက ခေါင်မိုးတွေက အကုန်လုံး ဘယ်လိုပြောမလဲ ပျက် ကုန်ပြီလေ။ ပိုပြီးတော့ ခက်ခဲလာမှာပေါ့။ အခုချိန်က အချိန်အခါမဟုတ် မိုးရွာတယ်ဆိုတော့ ကျနော်တို့ စိုးရိမ် တာက အကုန်လုံး ခေါင်မိုးတွေက ပြဲကွဲကုန်ပြီဆိုတော့ နေထိုင်တဲ့ သူတွေအတွက်က တကယ့်မိုးကျလာပြီဆိုရင် တကယ့် အခက်အခဲပေါ့။ အခုလောလောဆယ်ကတော့ ကျနော်တို့ စခန်းမှာတော့ ၂၀ လောက် ပျက်နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲရှောင်များသည် မကြာခင် မိုးရာသီ ရောက်ရှိတော့မည် ဖြစ်သောကြောင့် မိုးမကြီးခင် နေအိမ် အဆောင်များ အပြီးဆောက်လုပ်၍ အတည်တကျ နေချင်ကြကြောင်း ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးသွားသည့် တိုက်ပွဲရှောင်စခန်းများမှာ ရသေ့တောင်မြို့နယ် အတွင်းရှိ စေတီတောင် တိုက်ပွဲရှောင်စခန်း၊ ပြားချောင်းကြီး တိုက်ပွဲရှောင်စခန်း၊ ကျောက်တော်မြို့နယ်မှ ကဝိရတနာ တိုက်ပွဲရှောင်စခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကဏန်းထောင် တိုက်ပွဲရှောင်စခန်းနှင့် ဘူတာရုံ တိုက်ပွဲရှောင်စခန်းတို့လည်း ပါကြောင်း သိရသည်။