CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

ထိုင်းတွင် အခမဲ့ဗီဇာ (Visa Free) ပေးထားသည့် မြန်မာအပါအဝင် အခြားနိုင်ငံသားများအား နေထိုင်ခွင့် ၄၅ ရက် ခွင့်ပြုထားခြင်းကို ၁၄ ရက်သို့ လျှော့ချလိုက်ခြင်းသည် ၎င်းတို့နိုင်ငံ ဝင်ငွေဘတ်ဂျက် ရရှိစေရန်အတွက် ဖြစ်နိုင်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

အခမဲ့ဗီဇာ (Visa Free) ဖြင့် နေထိုင်ခွင့်ရရှိသည့် ၁၄ ရက်သည် ယခင်ကတည်းက ချမှတ်ထားသော ဥပဒေဖြစ် သော်လည်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ၎င်းတို့နိုင်ငံသို့ ခရီးသွားများ ပြန်လည်ဝင်ရောက် စေရန်အတွက် ရည်ရွယ်ကာ သဘောတူညီမှုရရှိထားသော မြန်မာအပါအဝင် အခြားနိုင်ငံသားများအား အခမဲ့ဗီဇာ (Visa Free)ဖြင့် နေထိုင်ခွင့်အား ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သို့သော် ယခုအခါတွင် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နေထိုင်ခွင့်အား ၁၄ ရက်သို့ ပြန်လည်လျှော့ချလိုက်ခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားအများအပြား ပြန်လည်ဝင်ရောက်လာပြီဖြစ်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်း ဖြစ်နိုင်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းလေဆိပ်တွင် အာဏာပိုင်များက စစ်ဆေးရန် ပြင်ဆင်နေစဉ်

၎င်းက “၂၀၁၉ ဒီဇင်ဘာ Covid 19 စဖြစ်တာပေါ့။ အဲဒီကနေ ၂၀၂၀ ကစပြီးမှ တစ်ကမ္ဘာလုံးမှာ အကြီးအကျယ် ဆိုးဝါးတဲ့ အနေအထားကို ရောက်ရှိတဲ့အချိန်မှာ ခရီးသွား Tourist တွေနဲ့ ပတ်သက်လို့ သူက ဘဏ္ဍာငွေရရှိမှု မရှိတော့တဲ့ အချိန် ဖြစ်သွားတာပေါ့။ အဲဒီတော့ သူက အဲဒီလမ်းကြောင်းကို မြူဆွယ်တဲ့အနေနဲ့ Covid 19 ထိန်း ချုပ်နိုင်တဲ့ အနေအထားမျိုး ရောက်ရှိလာတဲ့အချိန်မှာ သူက ဆွဲဆောင်လိုက်တဲ့သဘောပေါ့။ ၄၅ ရက်အထိ နေထိုင်ခွင့် ရှိတယ်ဆိုတော့ ခရီးသွားတွေကို အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်စေချင်တဲ့အတွက်ကြောင့် လုပ်တဲ့ သဘောပါ။ အဓိကကတော့ ကျနော်ထင်တယ် ထိုင်းနိုင်ငံကလည်း သူ့ရဲ့ နိုင်ငံတော်ဘတ်ဂျက် ရရှိရေးပေါ့နော်။ အကယ်၍များ ၁၄ ရက်နဲ့ မလောက်လို့ထပ်ပြီးမှ လျှောက်ထားမယ်ဆိုရင် သူ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေထပ်ပြီး တိုးမြှင့်ရရှိမှာ ကိုး။ အဲဒီတော့ အကယ်၍များ တစ်ကြိမ်တည်းနဲ့ ၄၅၊ ၄၅ ပေးလိုက်မယ်ဆိုရင် လူတွေက လုံလုံ လောက်လောက် ရတဲ့အတွက်ကြောင့် မူလတစ်ကြိမ် ငွေကြေးကုန်ကျမှုကလွဲလို့ နောက်ထပ် ထိုင်းနိုင်ငံအတွက် အသစ်ပြန်ပြီး ဝန်ဆောင်ခတွေ ဘာတွေ ပေးစရာမလိုတဲ့အနေအထားမျိုးဖြစ်နေတယ်။ အခုတော့ ၁၄ ရက်နဲ့ မလုံလောက်ဘူး ဒီထက်ပိုမိုပြီး ရချင်သေးတယ်ဆိုရင် ထပ်မံပြီးမှ နိုင်ငံတော်အနေနဲ့ လျှောက်ထားတဲ့အခါမှာ ငွေကြေးတွေ ပြန်လည်ရရှိဖို့ သူတို့မျှော်မှန်းတဲ့သဘော” ဟု ပြောသည်။

ယခုကဲ့သို့ အခမဲ့ဗီဇာ (Visa Free)ဖြင့် နေထိုင်ခွင့် ရက်အား ယခင်အတိုင်း ပြန်လည်လျှော့ချလိုက်ခြင်းသည် လက်ရှိတွင် ၎င်းတို့နိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် မေလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ တို့ဖြင့်ပါ ဆက်စပ်မှု ရှိနိုင်ကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။

ဘန်ကောက်ရှိ မြန်မာသံရုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အတွင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိ ထားသော နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

သို့သော် ယခု ဧပြီလ ၁ ရက်မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည် ဖြစ်သော ကြောင့် ရက်ရှည် နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး(ရန်ကုန်)၌ ဗီဇာလျှောက်ထား၍ လာနိုင်ပါကြောင်း ၎င်း အသိပေး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်းလေဆိပ်အတွင်းကိုတွေ့ရစဉ်

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “Visa ရပြီးပြီ ဆိုရင်တောင်မှ လ.ဝ.က(ထိုင်း)မှာက လုပ်ပိုင်ခွင့်ဆိုတာ ရှိတယ်လေ။ သူ့ကို လုပ်ပိုင်ခွင့်အာဏာ ပေးထားတာဆိုတော့ သူက reject လုပ်ချင်ရင် သူ့အကြောင်းပြချက်နဲ့သူ reject လုပ်လို့ရတယ်။ အထူးသဖြင့်တော့ လ.ဝ.က ကနေ မေးတဲ့အခါမှာ ဖြေနိုင်ဖို့ပေါ့လေ။ ဖြေနိုင်ဖို့ဆိုတာ လည်း တခြားဟာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပုံသဏ္ဍာန်အပေါ်ကိုလည်း နည်းနည်းတော့ မူတည်တာပေါ့နော်။ ပုံစံကို ကြည့်ပြီးတော့ သူတို့က အထင်အမြင် သေးတယ်ဆိုရင် သေးလိုပေါ့။ ဒါမျိုးတွေကတော့ ကျနော်တို့ ဗမာပြည် လေယာဉ် ဆိုက်ပြီဆိုတာနဲ့ အဲဒါကိုချောင်းပြီးတော့ ဖမ်းတဲ့ ငွေညစ်တယ် ဆိုတဲ့ဟာတွေက ရှိတာကို။ အဲဒီတော့ ကိုယ့်ရဲ့ ပုံစံက ပြောမယ်ဆိုရင် သင့်တော်တဲ့ပုံစံ ဖြစ်သင့်တယ်။ ပြီးတဲ့အခါ ကိုယ့်မှာ အချက်အလက် အပြည့်အစုံ သူတို့မေးတဲ့ အခါမှာ ကိုယ်ကဖြေနိုင်တယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဥပမာ သူတို့က ရောက်လာတဲ့အချိန် မေးမှာ ပေါ့နော် ဘယ်သွားမှာလဲ၊ ဘာအတွက် လာတာလဲ၊ အဲဒီတော့ ကိုယ်က ဘယ်သွားမယ် ဘယ်လည်မယ် အစရှိ သဖြင့် ဒါမျိုးတွေ ကိုယ်ကပြောနိုင်မယ်ဆိုရင်၊ လက်မှတ်ဘာညာ အကုန်လုံးလည်း ကိုယ်ကပြနိုင်မယ် ဆိုရင်၊ Show Money မေးတဲ့အခါ Show Money အကြောင်းလည်း ပြနိုင်တယ်ဆိုရင် ဒါပြီးပြီလေ။ အဲဒီလို မေးတဲ့အချိန် မှာ ဘာမှ မပြောနိုင်ရင်တော့ အခက်အခဲရှိတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ယခုကဲ့သို့ ပြောင်းလဲ သတ်မှတ်ခံရသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ တစ်ခုတည်း မဟုတ်ဘဲ ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနှင့် အခြား နိုင်ငံအချို့လည်း ပါဝင်ကြောင်း သိရသည်။