CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့်သူများ များပြားသည့်အတွက် လက်ရှိတွင် မန္တလေး၊ ပခုက္ကူ၊ မုံရွာ စသည့် မြေပြန့်ဒေသများအတွက် ကားလက်မှတ်များ ပြည့်နေပြီဖြစ် ကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် သင်္ကြန်ကာလအတွင်း ရန်ကုန်မှတဆင့် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နေရပ်ပြန်ကြမည့် သူများအတွက် အဝေးပြေး ကားလက်မှတ်များကို မတ်လ ဒုတိယပတ်မှ စတင်၍ ကြိုတင်ရောင်းချပေးနေပြီး ဖြစ်သည်။

သင်္ကြန်ကာလအတွက် ယာဉ်အစီးရေ တိုးချဲ့သည့် ယာဉ်လိုင်းများလည်း ရှိကြောင်း၊ ထိုယာဉ်လိုင်းများသည်လည်း မြေပြန့်ပိုင်းသို့ ပြန်ကြမည့် ခရီးသည်များဖြင့် ပြည့်လုနီးပါးဖြစ်နေသည်ဟု ယာဉ်လိုင်းတစ်ခုမှ ဂိတ်မှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြေပြန့်ပိုင်း ခရီးစဉ်ဆို အားလုံးနီးပါး ပြည့်နေပြီ။ ရှိသလောက်ပေါ့နော် ကားတွေက တချို့တွေကတော့ ကားရှိတဲ့ အုံနာတွေကတော့ ထပ်ထုတ်တာ ဘာညာဆိုတော့ တစ်မျိုးပေါ့။ မထုတ်ဘူး ပုံမှန် ၁ နေ့ကို ၂ စီး ထွက် တဲ့ကားက အဲဒီရက်ဆို ၃ စီးလောက် ထွက်တာပေါ့။ သင်္ကြန်ရက်က ၃ စီးလောက်ကို အဲလောက်နဲ့ ပြည့်နေပြီ မြေပြန့်ပိုင်းပေါ့။ မြေပြန့်ပိုင်းဆိုတာက မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ဒီဘက် မော်လမြိုင်ဘက်ပေါ့။ အဲလိုဘက် မြေပြန့်ပိုင်း ခရီးစဉ်တွေကတော့ ပြည့်နေပြီ” ဟု ပြောသည်။

မန္တလေးမြို့အ၀င်ကိုတွေ့ရစဉ်

ယခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နေရပ်သို့ ပြန်ကြသည့် ခရီးသည် များလာကြောင်း၊ သို့သော်လည်း ဧပြီလ ၉ ရက်နေ့အထိသာ ကြိုတင် လက်မှတ်များ ပြည့်နေကြောင်း၊ ၉ ရက်နေ့ နောက်ပိုင်းတွင် ခရီးသွားဦးရေ နည်းကြောင်း မွန်ပြည်နယ်ဘက်သို့ ပြေးဆွဲနေသည့် သီရိရတနာ ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၈ ရက်၊ ၉ ရက်လောက်ပဲ ကျတယ်နော် ခရီးသည်က။ လူကတော့ အရမ်း အကျကြီး မဟုတ်ဘူးနော် အဲဒီ ၈ ရက်၊ ၉ ရက်မှာပဲ။ ကားတိုးတာတော့ မရှိဘူး။ ပြည့်ကားတွေကို ပုံမှန်လွှတ်တာပဲ ရှိတယ်။ ကားပိုရောင်းထားတဲ့ ဟာကတော့ တစ်စီးပဲ ရှိတယ်နော်။ မနှစ်ကထက် စာရင်တော့ နည်းနည်း ပြန်တာရှိတယ်” ဟု ပြောသည်။

သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း အဝေးပြေး လက်မှတ်ခများကို တိုးမြှင့် ကောက်ခံခြင်း မပြုကြရန် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ထုတ်ပြန်ထားသော်လည်း ယာဉ်လိုင်း များအနေဖြင့် တိုးမြှင့် ကောက်ခံနေကြသည်ကို တွေ့ရသည်။

မြေပြန့်ဒေသသို့ ပြန်ကြမည့် ခရီးသည် များပြားသည့်အတွက် မြေပြန့်ဒေသ၏ လက်မှတ်ခကို တခြားသော ဒေသများထက် ပို၍ တိုးမြှင့်ကောက်ခံထားကြောင်း၊ ၅ ထောင်ကျပ်မှ ၁ သောင်းကျပ် တိုးမြှင့်ထားသည်ဟု ယာဉ်လိုင်းများထံမှ သိရသည်။

ယခင်နှစ်ကထက် ယခုနှစ်တွင် နေရပ်ပြန်ကြမည့် သူများသည်ဟုလည်း အောင်မင်္ဂလာ အဝေးပြေးကွင်း၌ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသည့် ကိုရဲရင့်က CNI သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်း မင်းကွန်းဒေသကိုတွေ့ရစဉ်

၎င်းက “ပြီးခဲ့တဲ့ နှစ်နဲ့ဆိုရင် ဒီလိုအချိန် အခုကတော့ မပြောတတ်သေးဘူး။ အခုမှ ၁ ရက်နေ့ပဲ ရှိသေးတယ်လေ။ ဒီကောင်တွေက ကျမယ်ဆိုရင် အနည်းဆုံး ၈ ရက်၊ ၉ ရက်၊ ၁၀ ရက် အဲဒီ ၃ ရက်က target ပဲလေ။ အခုကတော့ နည်းနည်းလေး မဆိုးသလောက် ဖြစ်တာပေါ့။ ဘာလို့လဲဆို မနှစ်ကထက် ဒီနှစ်ကတော့ များတော့ များတာပေါ့။ ဒီလိုပါပဲ ကယ်ရီသမားတွေကတော့ အဲလိုအချိန်ကိုပဲ စောင့်ရတာပေါ့” ဟု ပြောသည်။

အဝေးပြေး ယာဉ်လိုင်းအများစုသည် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း သင်္ကြန်အကြိုနေ့ အထိသာ နောက်ဆုံး ထား ပြေးဆွဲမည်ဖြစ်ပြီး ကျန်ရှိသည့် ရက်များတွင် ယာဉ်လိုင်း အနည်းငယ်သာ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ထို့ နောက် နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ ယာဉ်လိုင်းအားလုံး ပြန်လည် ပြေးဆွဲကြမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားဦးရေ တိုးလာသော်လည်း ကိုဗစ် မတိုင်ခင် ကာလနှင့် နှိုင်းယှဉ်ပါ က ထက်ဝက်ခန့်ပင် မရှိသေးကြောင်း၊ ပြေးဆွဲသည့် ကားအစီးရေလည်း လျော့နည်းနေသေးကြောင်း အဝေးပြေး ယာဉ်လိုင်းများထံမှ သိရသည်။