CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀

အဝေးပြေးယာဉ်လိုင်းများတွင် ကားလက်မှတ်များ ဝယ်ယူရာ၌ မှတ်ပုံတင်အပြင် ထောက်ခံစာများ လိုအပ် ကြောင်း အဝေးပြေးယာဉ်လိုင်း အချို့ထံမှ သိရသည်။

ယခင်က မှတ်ပုံတင်ရှိရုံဖြင့် ကားလက်မှတ်များအား ရောင်းချပေးခြင်းဖြစ်သော်လည်း ယခုအခါတွင် မှတ်ပုံတင် အပြင် ရပ်ကွက်၊ ရဲစခန်း‌တို့၏ ထောက်ခံစာများ ပါရှိရန်လိုအပ်ကြောင်း အ‌ဝေးပြေးယာဉ်လိုင်း တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဥပမာ မန္တလေးကို သွားမယ်ဆိုရင် သွားမယ့်ခရီးသည်က မန္တလေးကဆိုရင် မှတ်ပုံတင် မူရင်းပဲလိုတယ်။ တကယ်လို့ မန္တလေးက မဟုတ်ဘူးဆိုရင် အလုပ်ကိစ္စနဲ့ဆိုရင် အလုပ်ခေါ်စာ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာလိုပါတယ်။ အလုပ်ခေါ်စာ မဟုတ်ဘဲနဲ့ အလည်အပတ်ဆိုရင်လည်း ရပ်ကွက်ထောက်ခံစာတို့၊ မှတ်ပုံတင်မူရင်းတို့ အကုန်လိုပါတယ်။ ပြောရမယ်ဆိုရင် အကုန်လုံး လိုသွားတာပေါ့” ဟု ပြောသည်။

ထောက်ခံစာပေးရသည့်အခါတွင် အချို့ယာဉ်လိုင်းများတွင် မှတ်ပုံတင်အပြင် ရပ်ကွက် သို့မဟုတ် ရဲစခန်း ထောက်ခံ စာ တစ်ခုခု ပါရှိရန်လိုအပ်ပြီး အချို့ယာဉ်လိုင်းများတွင် ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာ နှစ်မျိုးလုံး ပါရှိရန် လိုအပ်ကြောင်းနှင့် အချို့ယာဉ်လိုင်းများတွင်မူ သွားရောက်မည့် ဒေသ၌ မိမိတည်းခိုမည့် လိပ်စာများလည်း တောင်းခံကြောင်း အဝေးပြေးခရီးသွားယာဉ်လိုင်းအချို့ထံမှ သိရသည်။

အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်အရောင်းဌာနများနဲ့ ခရီးသွားများကိုတွေ့ရစဉ်

ယခုကဲ့သို့ လိုအပ်သွားခြင်းသည် လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များမှ ထုတ်ပြန်ထားသည့် အတွက်ကြောင့် ဖြစ်ကြောင်းနှင့် ၎င်းအချက်အလက်များ မပါရှိပါက ကားလက်မှတ် ရောင်းချပေး၍မရကြောင်း သိရသည်။ 

ထို့အပြင် အချို့ယာဉ်လိုင်းများ၌ ၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများတွင် အထောက်အထား အပြည့်အစုံပါရှိပါက လက်မှတ် ရောင်းချပေးသော်လည်း အချို့ယာဉ်လိုင်းများတွင်မူ ၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများအား လက်မှတ်မရောင်းချရန် မှာကြားထားကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းရှိ ယာဉ်လိုင်းတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရပ်ကွက်ထောက်ခံစာ သို့မဟုတ် ရဲစခန်း ထောက်ခံစာယူရမယ်။ ပြီးရင် သွားမယ့်သူ နေထိုင်မယ့် သူသွားတည်းမယ့်နေရာရဲ့ တည်းမယ့်နေရာက ဘယ်သူ့ဆီမှာ တည်းမယ် ဘာညာပေါ့ အဲဒီလိုလည်း တောင်းပါ တယ်။ ကျနော်တို့သွားတဲ့ မြို့တွေတော့ ‌တောင်းတယ်။ ကျန်တဲ့ မြို့တွေတော့ ယာဉ်လိုင်းက အများကြီးရှိတာဆို တော့ အားလုံးကိုတော့ မသိသေးဘူး။ ၁၁/ တွေကို မရောင်းဖို့ ကျနော်တို့ကို ပြောထားတယ်။ ကျနော်တို့ကို စာနဲ့ တရားဝင် ထုတ်ထားတာမရှိဘူး။ နှုတ်အမိန့်နဲ့ပဲ ထုတ်ထားတာဆိုတော့ ပြောရတာနည်းနည်း ခက်တယ်။ အရင် ဆိုရင်တော့ စာနဲ့ထုတ်တာပေါ့။ အခုကတော့ ကျနော်တို့နားမှာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ပြော ထားတဲ့ သဘောပါ။ ရခိုင် ၁၁/ ကို မရောင်းပေးဖို့ဘာဖို့ တားထားတယ်ပေါ့ ဒီလောက်ပဲ” ဟု ပြောသည်။

အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်အရောင်းဌာနများနဲ့ ခရီးသွားများကိုတွေ့ရစဉ်

၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများမှ အဝေးပြေးယာဉ်လိုင်း ကားလက်မှတ်ဝယ်ယူရန် စုံစမ်းရာတွင် မိမိသွားလိုသည့် ဒေသသို့ သွားရောက်မည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းကြောင်းလည်း သိရသည်။

၁၁/ မှတ်ပုံတင် (ရခိုင်) ကိုင်ဆောင်ထားသူများအား ကားလက်မှတ် ရောင်းချပြီးနောက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာ ပါက အရေးယူခြင်းခံရမည်ဟု ကြားသိရကြောင်းလည်း အဝေးပြေးယာဉ်လိုင်းခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထောက်ခံစာ ပါမှဆိုတာတော့ မှန်တယ်။ နောက်ပြီး ၁၁/ လား ရခိုင်ကလေ။ အဲဒါတွေ မရောင်းဖို့။ ရောင်းခဲ့လို့ ကိစ္စတစ်ခုခုဖြစ်ရင် လိုင်းပါပိတ်သိမ်းမယ် ဘာညာ အဲဒီလိုမျိုးတွေလည်း ကြားတယ်။ ဒါ အစ်ကိုတို့ ကြားတာ။ အစ်ကိုတို့ ဂိတ်ကတော့ တရားဝင် ဒီလို ဒီလိုလို့ ညွှန်ကြားထားတာတော့ မရှိသေးဘူး။ တခြားလိုင်းတွေ ကတော့ သူတို့လည်း အဲဒီလိုမျိုးဖြစ်တယ်လို့ ပြောတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ် စာရင်းများအရ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်းပေါင်း ၁၁၅ လိုင်း ရှိပြီး ယာဉ်အစီးရေ ၃၁၄ စီးရှိကြောင်း၊ ဒဂုံ ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်း ပေါင်း ၆၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၁၅၇ စီးရှိကြောင်း သိရသည်။