CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် အဝေးပြေး ယာဉ်လိုင်းခများ တိုးမြှင့်ကောက်ခံပါက တိုင်ကြားနိုင်ပြီး အရေးယူမည်ဟု YRTC တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က CNI သတင်းဌာနသို့ ပြောသည်။

အဝေးပြေး ယာဉ်လိုင်းကော်မတီမှ အဝေးပြေးယာဉ်လိုင်းများအား ယာဉ်စီးခနှုန်းထားများ ပုံမှန်အတိုင်း ကောက်ခံရန်နှင့် ပိုမိုတောင်းခံခြင်း မရှိစေရေးတို့ကို ခေါ်ယူ၍ ပြောထားကြောင်း သိရသည်။

တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က "ဒါကတော့ တစ်လိုင်းနဲ့ တစ်လိုင်းမတူဘူး(ယာဉ်စီးခ)။ ဝေးတဲ့နေရာ နီးတဲ့နေရာ။ ခရီးဝေးဆို ပိုများမှာပေါ့။ သူ့ခရီး အကွာအဝေးလိုက် ကောက်မှာပေါ့။ သူတို့သတ်မှတ်ထားတဲ့ ယာဉ်စီးခတွေ ရှိတယ်။ အခု ကတော့ တိုင်ထားလို့ ပြန်အမ်းခိုင်းတဲ့ ယာဉ်လိုင်းတွေရှိတယ်။ သူတို့ပြန်အမ်းပါတယ်။ အဲ့ဒီလိုမျိုး တိုင်တာခံရတာ တစ်လိုင်း ပဲ။ အခု လောလောလတ်လတ် တစ်လိုင်း"ဟု ပြောသည်။

ယခင်က ကိုဗစ်ကာလကြောင့် ခရီးသွားမည်ဆိုပါက လူတစ်ဦးလျှင် ခုံ(၂)ခုံစာ လက်မှတ်ဝယ်ယူ၍ စီးရကြောင်း၊ ယခုတွင် ပုံမှန်အတိုင်း လူတစ်ဦးလျှင် တစ်ခုံစာသာ လက်မှတ်ဝယ်ယူ စီးနိုင်ကြောင်း သိရသည်။

မကြာခင်၌ သင်္ကြန်ပိတ်ရက်များ ရောက်ရှိလာတော့မည်ဖြစ်ကာ ယခင်က သင်္ကြန်ပိတ်ရက် ရောက်ခါနီးအချိန်တွင် အိမ်ပြန် ကြသူများရှိသည့်အတွက် အဝေးပြေးယာဉ်လိုင်း လက်မှတ် အများအပြား ဝယ်ယူမှုရှိသော်လည်း ယခုအခါမှာတော့ လက်မှတ် ဝယ်ယူမှုနည်းကြောင်း JJ Express မှ မန်နေဂျာ မကျော့ကျော့သက်က CNI သတင်းဌာနသို့ ပြောသည်။

အဝေးပြေးယာဉ်လိုင်းများကိုတွေ့ရစဉ်

၎င်းက “အခုကတော့ များတော့မများဘူး။ ကိုဗစ်မတိုင်ခင် အရင်နှစ်တွေဆို သင်္ကြန်ဆိုရင် အုန်းအုန်းထနေအောင် ဝယ်ကြ တာ။ အခုကတော့ အဲဒီလောက် မများပဲနဲ့ ပုံမှန်လေးပဲ။ နည်းတော့နည်းတယ်။ အရင်တုန်းကကြရင်တော့ ဝယ်လိုအားလည်း များတယ်လေ။ နောက်ပြီးတော့ ယာဉ်လိုင်းပိုင်ရှင်တွေကလည်း ကားတွေကို အများကြီး ထုတ်ထားတာပေါ့နော်။ အများကြီး ထုတ်ပြီးတော့ ရောင်းကြတာပေါ့။ အခုချိန်ကျတော့ ဝယ်လိုအားလည်း နည်းတယ်။ နောက် ယာဉ်လိုင်းပိုင်ရှင်တွေကလည်း အခုဆီဈေးနဲ့ဆိုတော့ ဈေးကလည်း တက်လို့မရဘူးလေ။ ဈေးတွေကလည်း အခုက ဆီဈေးတွေနဲ့ဆိုတော့ အဲဒီလိုမျိုး ယာဉ် လိုင်း ပိုင်ရှင်တွေကလည်း ကားတွေကို အများကြီး မထုတ်ပေးနိုင်ဘူးလေ။ ခရီးသည်တွေလည်း အရင်နှစ်တွေလောက်‌ မများ ဘူး။ ကားခတွေကတော့ အရင်သူတို့ ဟိုးတလောပိုင်းက ဆီဈေးကြောင့် တက်ထားတဲ့ ဈေးရှိတယ်လေ။ ဆီဈေးကြောင့် နည်း နည်းတိုးထားတဲ့ဈေး အဲဒီအတိုင်းပဲ သွားနေကြတာ”ဟု ပြောသည်။

အဝေးပြေး ယာဉ်လိုင်းပြေးဆွဲမှုအား သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ပြီးဆုံးသွားသည့်ရက်တွင် ခရီးသည်ပေါ် မူတည်ကာ တိုးမြှင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

သို့သော် သင်္ကြန်ပိတ်ရက်တွင်မူ အဝေးပြေး ယာဉ်လိုင်းပြေးဆွဲမှု အနည်းငယ်သာရှိမည်ဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲမည့် ယာဉ်လိုင်း နှစ်လိုင်းရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် အဝေးပြေးယာဉ်လိုင်း ၁၉၀ လိုင်းပြေးဆွဲလျက်ရှိပြီး ယာဉ်အစီးရေ ၄၉၉ စီး၊ ခရီးသည် ၆၀၀၀ ဝန်းကျင်ရှိကြောင်း၊ စနေ၊ တနင်္ဂနွေတွင် ပိုများ‌ကြောင်း သိရသည်။