CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၁

စက်သုံးဆီဈေးနှုန်း မြင့်တက်လာသည့်အပြင် ခရီးသည်ရရှိမှု နည်းပါးလာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ အရှုံးနှင့် ရင်ဆိုင်နေရပြီး ခရီးသည်များကို စုစည်းကာ ခရီးစဉ်ကို တစ်ရက်ခြားသာ ပြေးဆွဲနေရသည်ဟု ကချင်ပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

လက်ရှိကာလတွင် ခရီးသည်များသည် ပုံမှန်ထက် ထက်ဝက်ခန့် လျော့နည်းသွားကြောင်းနှင့် လတ်တလောတွင် အရှုံးခံပြီး ပြေးဆွဲနေရသည်ဟု ရွှေမြစ်ဆုံ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူလည်း ပါးတယ်။ ပြီးတော့ ကုန်လည်း သိပ်မရဘူး။ အခု လောလောဆယ် နေ့တိုင်း မထွက်ဘူး တစ်ရက်ခြား စုပြီးတော့ နှစ်ရက်စုပြီးမှ တစ်ခါ သွား။ နှစ်ရက် စုလိုက်ရင် နည်းနည်းပါးပါး ရတယ်။ အရင်က ဆိုလို့ရှိရင်တော့ လူက အခု နှစ်ရက် စုတာတောင်မှ အရင်က စုတဲ့ဟာ တစ်ဝက် မရှိဘူး။ အရင်ကဆိုရင် ၄၅ ပေါ့ အခုဆိုရင် ၂၀ ဝန်းကျင် အတိအကျတော့ ပြောလို့ မရဘူး။ အရှုံးခံပြီး ပြေးနေတာ ဆီဈေးတွေ အရမ်းတက်တာကိုး” ဟု ပြောသည်။

ခရီးသည် နည်းပါးသွားရခြင်းသည် ကိုဗစ် - ၁၉ စည်းကမ်း သတ်မှတ်ချက်များကို တိတိကျကျ ထုတ်ပြန်ပေးထားခြင်း မရှိခြင်း နှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် ခရီးသွားလာမှု နည်းပါးသွားခြင်း ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကားဂိတ်

ကချင်ပြည်နယ်သို့ သွားရောက်သည့် လမ်းခရီးတွင် စစ်ဆေးမှုများ တင်းကြပ်ခြင်းကြောင့် စိုးရိမ်မှုများ ရှိကာ ခရီးသွား နည်းပါး လာကြောင်း၊ ထို့နောက် ဖားကန့်သို့ အလုပ်သွားရောက် လုပ်ကိုင်မည့် လူငယ်များ နည်းပါးသွားခြင်းကြောင့်လည်း ခရီးသည် ရရှိမှုသည် ၃ ပုံ ၁ ပုံသာ ရှိတော့ကြောင်း ဖားကန့်နှင့် မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက အဲဒီရောဂါ ပိုးကြောင့်ရယ်၊ အခု နိုင်ငံရေးပြဿနာကြောင့် လူတွေက မသွားရဲ၊ မလာရဲ။ ဦးတို့က ဖားကန့် အခြေခံ ပြီးတော့မှ စီးပွားရေးနယ်ပယ်၊ ကျောက်နယ်ပယ် ဆိုတော့လေ။ ကုမ္ပဏီတွေ ရှိတယ်ကွာ။ ကုမ္ပဏီတွေကို အလုပ် သမားတွေက သူ့ရာသီဆို တက်တယ် ပြီးရင် ရာသီပြီးရင် ပြန်ဆင်းတယ်။ အဲဒါတွေကို မက်ပြီးတော့မှ အဓိက မန္တလေး - ဖားကန့်က အဓိက အဲဒါလေ။ အဲဒီ အခက်အခဲက ဘာဖြစ်လာလဲဆိုတော့ လမ်းမှာ ကိုဗစ်စစ်တယ်။ အလုပ်လုပ်တာက ဖားကန့်မှာ လူငယ်တွေ အလုပ်လုပ်တာကိုး။ လူငယ်တွေ အလုပ်လုပ်တဲ့ အခါကျတော့ အခု ခေတ်ကာလ အခြေအနေက လူငယ်တွေ လုံးဝ အသက်ကြီးတဲ့ လူတွေလောက်ပဲ လမ်းမှာ စစ်ဆေးတာတို့၊ ဘာတို့က လွယ်လွယ်ကူကူ လွှတ်ပေးတာကိုး။ ကျန်တဲ့ ငယ်တဲ့လူတွေကျတော့ အဲလိုပေါ့ တားဆီး ပိတ်ပင် ပြန်လွှတ်ပေါ့နော်။ ပုံမှန်အချိန်ထက် စာလို့ရှိရင် ၃ ပုံ ၁ ပုံ လောက်ပဲ ရှိတော့တယ်။ အဓိက ဦးပြောချင်တာကတော့ နိုင်ငံရေးနဲ့ ရောဂါပေါ့” ဟု ပြောသည်။

လက်ရှိတွင် အဝေးပြေး ယာဉ်လိုင်းများသည် ခရီးသည်ရရှိမှုကို အားမကိုးတော့ဘဲ ကုန်စည်များကို တင်ဆောင်၍ ပြေးဆွဲနေရ ကြောင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်သွားခြင်းကြောင့် ကုန်ကျစရိတ်များလည်း ယခင်ကထက် ပိုမို မြင့်တက်လာကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများထက် ကချင်ပြည်နယ်သို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်းများသည် ပို၍ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟုလည်း အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲနေသူများက ပြောသည်။

ကုန်ကျစရိတ် မြင့်မားလာခြင်း၊ ခရီးသည် ရရှိမှု နည်းပါးခြင်းများကြောင့် လက်ရှိတွင် ကချင်ပြည်နယ်သို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း အများစု ရပ်နားသွားသည်များ ရှိကြောင်း ကချင်ပြည်နယ်နှင့် မန္တလေးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ယာဉ်လိုင်းတွေကတော့ တော်တော်များများ ရပ်သွားတာပေါ့။ ဦးတို့လိုင်းတွေလည်း မရှိတော့ဘူးလေ။ ဦးတို့ လိုင်း လည်း ကားက ၂ စီး၊ ၃ စီးပဲ။ အဲလိုနဲ့ပဲ လည်ပတ်နေရတယ်။ အရင်တုန်းကတော့ ၁၀ စီး၊ ၁၅ စီး ရှိတယ်။ အခု ၂ စီး၊ ၃ စီးနဲ့ပဲ ဒါတောင်မှ ကိုယ့်ကိုယ်ပိုင် ကားလေးနဲ့ပဲ မဖြစ်မနေ သွားနေရတာပဲ ရှိတယ်။ သိက္ခာအရပဲ သွားနေရတာပေါ့” ဟု ပြောသည်။

ယခင်နှစ်များက ကိုဗစ် - ၁၉ ရောဂါ အခြေအနေများကြောင့် အဝေးပြေး ယာဉ်လိုင်းများ အရှုံးပေါ်ခဲ့ကြောင်း၊ ယခုနှစ်မှာ တော့ စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းနှင့် ခရီးသည် နည်းပါးခြင်းများကြောင့် အဝေးပြေးယာဉ်လိုင်းများ ဆက်လက် ရပ်တည်ရန် ခက်ခဲလာကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူများနှင့် ယာဉ်မောင်းများက ပြောသည်။