CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

ကုန်စည်ရှားပါးမှုနှင့် ကုန်ထုတ်လုပ်မှု နည်းပါးခြင်းကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ကျဆင်းလာ သည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မိုးရာသီသည် ကုန်စည်ရှားပါးသည့် ကာလဖြစ်သော်လည်း ယခုနှစ်တွင် ပို၍ ရှားပါးသည်ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးကျင်သိန်းက “မနှစ်က ပါးတယ်ဆိုတဲ့ စံချိန်ထက်တောင်မှ လျော့တာပေါ့။ မနှစ်က စံချိန်ကို မမီဘူး။ အမှန်တော့ ဒီဥစ္စာက ခါးတိုင်း မိုးတွင်းကာလ ကုန်ပါးနေတာတော့ ပါးတာပေါ့။ မနှစ်ကထက်တော့ ပိုပါးတယ်။ နောက်ပြီးတော့ ကုန်ထုတ်စွမ်းအား တွေ လျော့လာတယ်။

ကုန်ကြမ်းရှားပါးမှုကြောင့် ကုန်ထုတ်စွမ်းအားတွေ လျော့တယ်။ ကုန်သည်မှာလည်း အရောင်းအဝယ် ပါးလာတယ်။ ကုန်သည်တွေ အရောင်းအဝယ်ပါး ထုတ်လုပ်မှု စွမ်းအားတွေ လျော့လာတော့ ကျနော်တို့ သယ်ယူပို့ဆောင်ရေး မှာလည်း လျော့တယ်” ဟု ပြောသည်။
ထို့အပြင် ပြည်ပသို့ ပို့ကုန်/သွင်းကုန် လုပ်ငန်းတွင်လည်း ပို့ကုန်/သွင်းကုန်မူဝါဒ အပြောင်းအလဲများကြောင့် ကုန်စည်များ ရှားပါးလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဖရဲသီးများ တင်ဆောင်လာသော ကုန်ကားတစ်စီး (AFP)

အဆိုပါ ကုန်စည်များ ရှားပါးနေခြင်းကြောင့် လတ်တလောတွင် အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများသည် ၇၀ ရာခိုင်နှုန်းအထိ ရပ်တန့်နေကြောင်း အဝေးပြေးကုန်စည် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက “ကုန်စည်ရှားတာရော Export, Import နည်းတာရော၊ ကုန်စည်ရှားတယ်ဆိုတာက Export, Import နည်းပါး သွား တာပေါ့နော်။ အဲဒါကြောင့် ဖြစ်တယ်။ နောက်တစ်ခုက ဆောက်လုပ်ရေး ပစ္စည်းတွေကလည်း ရပ်တန့်နေတယ်ပေါ့နော်။ ဥပမာ ဘိလပ်မြေ ဆွဲတာတို့၊ ကျောက်ဆွဲတာတို့၊ သဲဆွဲတာတို့ အဲဒါတွေလည်း ရပ်တန့် နေတာပေါ့နော်။ အဲဒါကြောင့် ကား တွေက အလုပ်အကိုင်မရှိ နည်းပါးပြီးတော့ ၇၀ ရာခိုင်နှုန်းလောက်က ရပ်တန့်သွားတာပေါ့” ဟု CNI သတင်းဌာနသို့ ပြော သည်။

လက်ရှိတွင် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများသည် မိုးရာသီတွင် ကုန်စည်ရှားပါးမှုကို ကြုံတွေ့ရသော်လည်း ပွင့်လင်းရာသီ ရောက်ရှိသည့်အချိန် သီးနှံများ ပေါ်များလာခြင်းကြောင့် လုပ်ငန်းများ ပြန်လည်ကောင်းမွန်ကြောင်း သိရသည်။

သို့သော် ပို့ကုန်/သွင်းကုန် မူဝါဒ ကန့်သတ်ချက်များကို ဖြေလျှော့လာမှု မရှိပါဘဲ ယခုအတိုင်း ဆက်လက် လုပ်ဆောင်မည်ဆို ပါက လာမည့် ပွင့်လင်းရာသီတွင် ကုန်စည်များ ဆက်လက်ရှားပါးနေနိုင်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုမှာ ကုန်တင်နေစဉ်(GETTY IMAGES)

၎င်းက “ပွင့်လင်းရာသီ ရောက်ရင်လည်း ဒီ Export နဲ့ Import အနေအထားပေါ် မူတည်မှာပဲ။ ပြန်တက်လာနိုင်တဲ့ အနေ အထား ရှိလားဆိုရင်တော့ ခါတိုင်းဆို ပွင့်လင်းရာသီ ရောက်ရင်တော့ ပြန်တက်လာတာပေါ့နော်။ ဒီနှစ်က ပွင့်လင်းရာသီ ရောက်သော်ငြားလည်းပဲ Export, Import က နည်းပါး နေမယ်ဆိုရင်တော့ ရှားပါးပြီးတော့ ဒီလိုပုံစံမျိုးပဲ ဖြစ်နေအုံးမယ်လို့ အဲလိုပဲ တွက်တာပေါ့” ဟု ပြောသည်။

အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများသည် လက်ရှိတွင် မီးဖိုချောင်သုံး ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ပါဆယ် ပစ္စည်း ဖြစ်သည့် ကုန်စည်များကိုသာ တင်ပို့နေရကြောင်း၊ ကောက်ပဲသီးနှံများလည်းဖြစ် ပြည်ပသို့ တင်ပို့သည့် ကုန်စည် လည်း ဖြစ်သည့် ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်စပါး စသည့် ကုန်စည်များ သယ်ဆောင်ရမှု နည်းပါးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် နယ်မြေတချို့တွင် လျှပ်စစ်ပစ္စည်း၊ ဝါယာကြိုး၊ မြေဆီများကို သက်ဆိုင်ရာ နယ်လုံဝန်ကြီး၏ ထောက်ခံချက် လက်မှတ် ပါရှိမှသာ သယ်ဆောင်ရမည်ဆိုခြင်းကြောင့် ကုန်စည်ရှားပါးလာပြီး သယ်ဆောင်ရမှု ကျဆင်း၍ အခက်အခဲ ရှိနေကြောင်းလည်း သိရသည်။